မေ ၂၄

 

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့နှင့် ယင်းမြို့၏ အနီးအနားဒေသများတွင် ရောက်ရှိနေပြီး အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၃)ဉီးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံး၊ နယူးဒေလီမြို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် အိန္ဒိယနိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြသည့်  မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိရာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား(၉၅)ဦးအား ၁၉-၅-၂၀၂၀ ရက်နေ့တွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်သည့်အတွက် ယနေ့ဒုတိယအသုတ်အပါအဝင် စုစုပေါင်း(၂၁၈)ဦးအား ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍လည်း ၂၇-၅-၂၀၂၀ ရက်နေ့တွင် တတိယအသုတ်အဖြစ် ဂါယာ-ရန်ကုန် ခရီးစဉ်အတိုင်း ကယ်ဆယ်ရေးလေယာဉ်ပြေးဆွဲလျက် အိန္ဒိယနိုင်ငံ၊ ဂါယာမြို့နှင့် ယင်းမြို့၏ အနီးအနားဒေသများရှိ မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

သတင်းစဉ်