နယူးဒေလီ ၁၇ မေ

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ မေ ၁၆ ရက် နံနက်ပိုင်းတွင် ၂၄၆၈၄၀၀၇ ဦးအထိ ရှိလာသည်ဟု သိရသည်။ တိုင်းပြည်နေရာအနှံ့ သေဆုံးသူ စုစုပေါင်းမှာလည်း ၂၇၀၂၈၄ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ နောက်ထပ် ၃၁၁၁၇၀ ထပ်မံတွေ့ရှိခဲ့ပြီး ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီးသေဆုံးသူ ၄၀၇၇ ဦး ရှိသည်ဟု သိရသည်။

ထိုစဉ် တိုင်းပြည်တစ်ဝန်း လူပေါင်း ၃၁၄ သန်းကို ကိုဗစ်-၁၉ကူးစက်ခံရခြင်းရှိမရှိ ဆေးစစ်ပေးခဲ့ပြီး ပြီဟုသိရသည်။ ကာကွယ်ဆေးထိုးပြီး သူပေါင်း ၁၈၂သန်းရှိပြီဖြစ်သည်။ အိန္ဒိယတွင် ဇန်နဝါရီ အစောပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးပေးခဲ့ခြင်းဖြစ်သည်။ မေ ၁ ရက်မှစတင်ကာ အသက် ၁၈ နှစ်နှင့် အထက်များကိုပါ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း နေရာအတော်များများတွင် ကာကွယ်ဆေးပြတ်တောက်မှုကြောင့် ကာကွယ်ဆေးထိုးရာတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ရသည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသည် ကြောက်မက်ဖွယ် ကိုဗစ်-၁၉ ဒုတိယအကျော့နှင့် ရင်ဆိုင်နေရပြီး အောက်ဆီဂျင်အပါအဝင် မရှိမဖြစ် လိုအပ်သည့် ဆေးဘက်သုံးပစ္စည်းများ ပြတ်တောက်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

ဆင်ဟွာ