၂၈ ဇူလိုင်
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၇၇၀၃ ဦးနှင့် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၅၄ ဦး ထပ်မံတွေ့ရှိရကြောင်း အိန္ဒိယ ဖက်ဒရယ် ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၄၈၃၁၅၆ ဦး ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၃၄၂၅ ဦး အထိ ရှိလာသည်။
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၉၅၂၇၄၃ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံအတွင်း ကူးစက်ခံ အတည်ပြုလူနာ ၄၉၆၉၈၈ ဦး ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အိန္ဒိယအစိုးရသည် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် နေ့စဉ် ရောဂါစမ်းသပ် စစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။
အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသန ကောင်စီ၏ ကိန်းဂဏန်း ဖော်ပြချက်များအရ ပြီးခဲ့သည့် သုံးရက်က တစ်ရက်အတွင်း လူပေါင်း ၅၀ဝ၀ဝ၀ ကျော်တို့၏ နမူနာကို စမ်းသပ်စစ်ဆေးခဲ့သည်ဟု သိရသည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က လာမည့် သီတင်းပတ်များအတွင်း တစ်ရက်လျှင် လူပေါင်း တစ်သန်းအထိ စမ်းသပ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ယမန်နေ့က ကြေညာခဲ့သည်။
အိန္ဒိယအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများအရ ကန့်သတ်ထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို နိုဝင်ဘာ ၂၄ ရက်နေ့အထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
