နယူးဒေလီ ၅ မေ

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းဖြစ်သောပြည်သူများအား မိမိတို့ နေအိမ်ထဲတွင်သာ နေထိုင်စေခြင်းကန့်သတ်ချက်ကို ပြေလျှော့ပေးရန် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ၏စီးပွားရေးဆိုင်ရာ အခက်အခဲများကို ပြေလျော့စေရန်အတွက် စီးပွားရေးလုပ်ငန်းအချို့မှာ ယမန်နေ့တွင် ပြန်လည်လုပ်ကိုင်ခဲ့သည်။ အစိုးရအနေဖြင့် ပြည်သူများအား မိမိတို့နေအိမ်များတွင်သာ နေထိုင်စေခြင်း ကန့်သတ်ချက်ကို မေ ၁၇ ရက် အထိ တိုးမြှင့်ထားရာမှ ယခုကဲ့သို့ ဖြေလျှော့ရန် ဆောင်ရွက်ခြင်းဖြစ်သည်။

ဒေသအသီးသီးအလိုက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအခြေအနေအပေါ်မူတည်ပြီး အဆင့်သုံးဆင့် သတ်မှတ်ထားကာ ကန့်သတ်ချက်များ ဖြေလျှော့ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ခရီးသွားလာမှုများပိတ်ပင်ထားသော ကာလအတွင်း နေ့စဉ်ဘဝအတွက် အခြေခံကုန်ပစ္စည်းများ ဝယ်ယူခြင်းမှအပ ပြည်သူများအား ခရီးသွားလာမှုပိတ်ပင်ခဲ့သည်။

ယမန်နေ့မှ စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခြင်းမရှိသော ဒေသများတွင် ခရီးအသွား အလာပိတ်ပင်မှုများကို ပြန်လည် ဖြေလျှော့ ပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု များပြားသောဒေသများတွင်ပင် ဈေးဆိုင်ငယ်များနှင့် ရုံးများကို သတ်မှတ်စည်းကမ်းများအတိုင်း ဆောင်ရွက်စေ၍ ပြန်လည်ဖွင့်လှစ်စေခဲ့သည်။ ယမန်နေ့မှစတင်ပြီး ရုံးများနှင့် လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ကုန်ပစ္စည်းများရောင်းချသော ဆိုင်များတွင် အရောင်းဝန်ထမ်းများမှာ နှာခေါင်းစည်းများနှင့် လက်အိတ်များ ဝတ်ဆင်ထားကြပြီး ဈေးဝယ်လာသူများအား ဆိုင်၏အဝတွင်သာ စောင့်ဆိုင်းစေပြီး ရောင်းချမှုကို ဆောင်ရွက်ခဲ့သည်။ ဈေးဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြည်သူများ၏ ကျန်းမာရေးသည် အဓိကကျကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သောရက်များအတွင်း အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ နေ့စဉ် ၂၀၀ဝ အထိမြင့်တက်ခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ