နယူးဒေလီ၊ ၂၂ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးမှာ လာမည့်နှစ် ဇန်နဝါရီလအတွင်း ရရှိနိုင်ဖွယ်ရှိသည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီး ဟာရက်ရှ် ဗာဒန်က ဒီဇင်ဘာ ၂၁ ရက် တွင်ပြောကြားခဲ့သည်။

 

ဇန်နဝါရီလအတွင်း ကာကွယ် ဆေး ရရှိနိုင်သည်ဟု ယုံကြည်ကြောင်း၊ ယင်းကာလသည် အိန္ဒိယပြည်သူများကို ကာကွယ်ဆေး ထိုးပေးနိုင်မည့်အချိန် ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက ဒေသတွင်း ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

 

အိန္ဒိယအစိုးရ၏ ဦးစားပေး လုပ်ငန်းမှာ ပြည်သူများလုံခြုံစိတ်ချရရေးနှင့် ကာကွယ်ဆေး အကျိုးဖြစ်ထွန်းမှု ရှိရေးပင် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ကာကွယ်ဆေးနှင့် ပတ်သက်ပြီး မည်သည့်ညှိနှိုင်းမှုမျိုးမှ မလုပ်လိုကြောင်းနှင့် ဆေးဝါးစစ်ဆေးရေးအဖွဲ့ အရာရှိများက တင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် အိန္ဒိယ၌ စမ်းသပ်နေဆဲ ကိုဗစ် -၁၉ ကာကွယ် ဆေး ခြောက်မျိုးရှိသည်ဟု သိရသည်။ အစိုးရသည် နိုင်ငံတစ်ဝန်း အစုလိုက် ကာကွယ်ဆေးထိုးပေး နိုင်ရေးအတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက အိန္ဒိယ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ အရေအတွက် ၁၀၀၅၅၅၆၀ အထိ ရှိပြီး သေဆုံးသူ ၁၄၅၈၁၀ အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 

ဆင်ဟွာ