ဇူလိုင် ၁၃
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ပြင်သစ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ တရားဝင်အလည်အပတ် ခရီးစဉ်အဖြစ် ယနေ့တွင်ထွက်ခွာသွားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ပြင်သစ်နိုင်ငံအလည်အပတ်ခရီးစဉ်အတွင်း မိုဒီသည် ပြင်သစ်နိုင်ငံပဲရစ်မြို့တွင်ကျင်းပမည့် အမျိုးသားနေ့အခမ်းအနားကို ဂုဏ်ပြုဧည့်သည်အဖြစ်တက်ရောက်မည် ဖြစ်ကြောင်းဖော်ပြထားသည်။
ယခုနှစ်သည် မိမိတို့နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ၂၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်ဟု မိုဒီကပြောကြားသည်။
အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် အာကာသ၊ နျူကလီးယား၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုတို့အပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ၎င်းက ထပ်လောင်းပြောကြားသည်။
မိုဒီသည် ဇူလိုင်လ ၁၅ ရက်တွင် ပဲရစ်မှ ယူအေအီးနိုင်ငံ အဘူဒါဘီသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။
ယူအေအီးသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ မူဘောင်ကွန်ဗင်းရှင်း၏ ၂၈ ကြိမ်မြောက်ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပါရီသဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စွမ်းအင်အကူးအပြောင်း အဆင်ပြေစေရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အမြင်ချင်းဖလှယ်ရန် မိမိအနေဖြင့် မျှော်လင့်ကြောင်း မိုဒီကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို