ရန်ကုန် ၁၄ ဖေဖော်ဝါရီ

အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၅ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် နီပေါအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်းက အိမ်ရှင်အိန္ဒိယအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ နီပေါအသင်းက အီရန်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ထို့ကြောင့် အုပ်စုပွဲများအပြီးတွင် မြန်မာအသင်းက ကိုးမှတ်ဖြင့် ပထမ၊ နီပေါအသင်းက ခြောက်မှတ်ဖြင့် ဒုတိယရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ မြန်မာနှင့် နီပေါအသင်းသည် အုပ်စုပွဲတွေ့ဆုံစဉ်က မြန်မာအသင်းသည် သုံးဂိုးပြတ် အနိုင်ရခဲ့သည်။

ယခုပွဲတွင် ဒဏ်ရာနှင့် ပွဲပယ်ကစားသမားလည်းမရှိရာ လူစုံပါဝင်နိုင်မည်ဖြစ်ပြီး ချန်ပီယံဆုရယူနိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အောင်မြင်မှုရရန် နီးစပ်နေခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုသုံးပွဲစလုံး အနိုင်ရခဲ့သည့်အပြင် သွင်းဂိုးခုနစ်ဂိုး၊ ပေးဂိုးမရှိသောကြောင့် ပြိုင်ဘက် အသင်းများထက် သာလွန်လျက်ရှိသည်။

ညီမြတ်သော်တာ