အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးအသင်း အပြီးသတ် ၂၀ ဦးရွေးချယ်

ရန်ကုန် ၂၉ ဇန်နဝါရီ

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၁၉ အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးတင်မြင့်အောင်၊ နည်းပြချုပ်- ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား- ဇာဇာမြင့်၊ မေဇင်နွယ်၊ နောက်တန်း-  ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း- ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ အီရန်နှင့် နီပေါအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် (၃/၄) နေရာရအသင်းမှာ တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် ပြိုင်ပွဲဝင်အသင်းများအနက် အိန္ဒိယ၊ နီပေါအသင်းတို့နှင့် နိုဝင်ဘာက ကျင်းပသည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ပထမအဆင့်ခြေစစ်ပွဲတွင် တွေ့ဆုံဖူးပြီး မြန်မာအသင်းက အိန္ဒိယကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ နီပေါအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဧပြီပထမပတ်တွင် ကျင်းပမည့် အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး ယင်းခြေစစ်ပွဲမတိုင်မီ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၁၇ ရက်မှစ၍ ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ၂၉ ဦးမှ ၂၅ ဦးသို့ လျှော့ချခဲ့ကာ ဇန်နဝါရီ ၂၉ ရက်တွင် ပြိုင်ပွဲဝင်မည့် အပြီးသတ် ၂၀ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်