မန္တလေး ၁၀ မတ်
မန္တလေး အောင်မြေသာစံမြို့နယ် ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၂ လမ်းရှိ ရှရီဒူရ်ဂါ Am Bikar Vijay ဘုရားကျောင်းတော်ကြီးတွင် မတ် ၉ ရက်မှ ၁၂ ရက်အထိ အိန္ဒိယ ရိုးရာနှစ်သစ်ကူးသင်္ကြန်(ဟိုလီ) ပွဲတော်ကြီးကို ကျင်းပလျက်ရှိသည်။

အဆိုပါပွဲတော်တွင် မန္တလေးမြို့ရှိ အိန္ဒိယနွယ်ဖွား ဟိန္ဒူမောင်မယ်လူငယ်များ တက္ကသိုလ်၊ ကျောင်းသူ၊ ကျောင်းသားများ၊ မိသားစုဝင်များ၊ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဟိန္ဒူ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဘုရားကျောင်းအသီးသီးမှ တာဝန်ရှိသူများသည် သင်္ကြန်အကြို ယမန်နေ့ညနေပိုင်းက စုပေါင်းတက်ရောက်ကြပြီး အိန္ဒိယရိုးရာ ရောင်စုံသင်္ကြန်ရေ၊ ရောင်စုံသင်္ကြန် ဆေးမှုန့်များ၊ ပက်ဖျန်း၍ ပျော်ရွှင်စွာ ရေကစားကြကာ ဓမ္မတေးသီချင်းများ ခေတ်ပေါ်တေးဂီတ အဆိုအကတို့ဖြင့် အိန္ဒိယသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု ဓလေ့နှင့်အညီ ညနေမိုးချုပ်သည်အထိ သင်္ကြန် ရေရောင်စုံဆေးများဖြင့် ပျော်ရွှင်စွာ သင်္ကြန်ရေကစား ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အလားတူ မန္တလေးမြို့သစ်နှင့် မန္တလေး အောင်မြေသာစံ မြို့နယ်အတွင်းရှိ အိန္ဒိယနွယ်ဖွား ဟိန္ဒူလူငယ် မောင်မယ်တို့ကလည်း စုပေါင်း၍ ယင်းနေ့ နေ့လယ်ပိုင်းမှစတင်ကာ ပြည်လုံးချမ်းသာ ရပ်ကွက်အတွင်းနှင့် မြို့တွင်းရှိ ဟိန္ဒူနေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်ကာ သက်ကြီးသူများအား ကန်တော့ကြပြီး ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ သင်္ကြန်ရေရောင်စုံ ပက်ဖျန်း ကစားကြရာ နေအိမ်များမှလည်း သင်္ကြန်ပွဲတော် ဆင်နွှဲပျော်ကြသူများကို အအေးအချိုရေ၊ ရိုးရာမုန့်များဖြင့် ကျွေးမွေးဧည့်ခံ၍ ရိုးရာသင်္ကြန်ပွဲကို စည်ကားစွာကျင်းပခဲ့ကြောင်းနှင့် ပြင်ဦးလွင်မြို့နယ်တွင်လည်း အိန္ဒိယရိုးရာ နှစ်သစ်ကူးသင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြကာ ဒေသခံအိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင် လူငယ်မောင်မယ်များ၊ ဟိန္ဒူလူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များက ပျော်ရွှင်စွာ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)