ရန်ကုန် ၂၆  ဇန်နဝါရီ

 

အိန္ဒိယသမ္မတနိုင်ငံ၏    (၇၁)နှစ်မြောက်  အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်း အနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်း အမှတ် ၃၅ ရှိ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးနေအိမ်ဝင်း၌  ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ          ဆော်ရက်(ဘ်)ကူမား နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က နှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး၊ သံအမတ်ကြီးတို့က တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ရေ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့်ဇနီး၊  ရန်ကုန်တိုင်း  စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြာထားသူများ တက်ရောက်ကြသည်။

 

 (သတင်းစဉ်)