နေပြည်တော် နိုဝင်ဘာ ၁၃

အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်း (Indian Chamber of Commerce–ICC)၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နိုဝင်ဘာ ၁၁ ရက်က အိန္ဒိယသမ္မတနိုင်ငံ ကိုလ့်ကတ္တားမြို့ ITC Sonar Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် “အိန္ဒိယ ကုန်သည်ကြီးများအသင်း နှစ်ပတ်လည်စုံညီ အစည်းအဝေး” သို့ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက် ရောက်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင်ကျင်းပရာ စုံညီအစည်းအဝေးသို့ အိန္ဒိယ နိုင်ငံ အစိုးရကုန်လမ်းပို့ဆောင်ရေး၊ အဝေးပြေးလမ်းနှင့် လေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီးအငြိမ်းစား ဗိုလ်ချုပ်ကြီး Dr.V.K. Singh (Retd.)၊ ပြည်ပရေးရာနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး Dr. Rajkumar Ranjan Singh ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC) ဥက္ကဋ္ဌ Mr. Pradeep Sureka ဦးဆောင်သော အိန္ဒိယကုန်သည်ကြီးများ အသင်းမှတာဝန်ရှိသူများ၊ အိန္ဒိယကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ခဲ့ကြသည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်ဆက်ဆံရေး(Special Session on India-Myanmar Trade Relations) ဆွေးနွေးမှုအပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် အဖွင့်အမှာစကားပြော ကြားရာတွင်  နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံငွေကြေးများကို သုံးစွဲနိုင်ရေးကိစ္စများ၊ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော ပဲစင်းငုံနှင့် မတ်ပဲ ရောင်းဝယ်ရေးစာချုပ်တွင် ပဲတီစိမ်းနှင့်အခြားပဲ အမျိုးအစားများပါ ထည့်သွင်းနိုင်ရေး၊ နှစ်နိုင်ငံ ကုန်စည်ပြပွဲများ ကျင်းပနိုင်ရေးနှင့် နှစ်ဖက်ကုန်သည်များအကြား ပိုမိုထိတွေ့ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်လျက်ရှိသောစီမံကိန်း အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပူးတွဲကော်မတီများနှင့် နယ်စပ်ကုန်သွယ်ရေးပူး တွဲကော်မတီအစရှိသည့် ဆက်သွယ်မှု ယန္တယားများ ပိုမိုရင်းနှီးခိုင်မာအောင် တည်ဆောက်ရေးနှင့်  နှစ်နိုင်ငံအကြားတွင် နိုင်ငံတကာ၊ ဒေသတွင်းနှင့်နှစ်နိုင်ငံချင်းစသည့် အလွှာအလိုက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

စုံညီအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယကုန်သည်ကြီးများအသင်း (Indian Chamber of Commerce – ICC)မှ တည့်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ ဒေသစံတော်ချိန် နံနက် ၁၁နာရီက ကိုလ့်ကတ္တားမြို့ JW Marriot Hotel တွင်ကျင်းပသည့် အိန္ဒိယနိုင်ငံစက်မှု ထုတ်ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေးကောင်စီ (Engineering Export Promotion Council - EEPC)၏ ဖိတ်ကြားချက်အရ ကုန်သွယ်မှု ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် အလားအလားများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ၊ ကျပ်နှင့်ရူပီးများကို နှစ်နိုင်ငံ ကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သည်များအနေဖြင့် Asian Clearing Union (ACU)  ငွေပေးချေမှု ယန္တယားကိုအသုံးပြု၍ ကုန်သွယ်မှု ဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားကာ တက်ရောက်လာသူများ၏ မေးမြန်းမှုအပေါ်  ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ EEPC India အဖွဲ့အစည်း ဥက္ကဋ္ဌ Mr.Arun Kumar Garodia၊ အာဆီယံ နိုင်ငံများနှင့်ကုန်သွယ်မှုကော်မတီဥက္ကဋ္ဌ Mr.Tsuhar Shah နှင့် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Mr. Binod Sadra နှင့်အတူ အသင်းဝင်စီးပွားရေး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှပ်နှံသူများ တက်ရောက်ခဲ့ကြသည်။ 

ပြည်ထောင်စုဝန်ကြီးသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကိုလ့်ကတ္တားမြို့ Bangal Club တွင် အိန္ဒိယပို့ကုန်အဖွဲ့ချုပ် (Federation of Indian Export Organization-FIEO)၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်စေရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး အလားအလားကောင်းများကို ဆွေးနွေးပြောကြားကာ အိန္ဒိယကုန်သည်လုပ်ငန်းရှင်များ သိရှိလိုသည်များကို ဖြေကြားပေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ FIEO ဥက္ကဋ္ဌ Mr. Yogesh Gupta နှင့်အတူ အဖွဲ့ဝင်များ၊ အိန္ဒိယရင်းနှီးမြှပ်နှံ သူများနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာအဖွဲ့ချုပ် ဥက္ကဌ Mr. Vishal Singh နှင့် ကိုလ့်ကတ္တားမြို့ BangalClup ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ပြီး မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ အထူးသဖြင့် ပဲမျိုးစုံများကို အိန္ဒိယနိုင်ငံမှ ပိုမိုဝယ်ယူပေးနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံ ကိုလ့်ကတ္တားမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုဆောင် ရွက် လိုသော၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပိုမိုမြှင့်တင်ရန် စိတ်ဝင်စားသော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ပဏမ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အိန္ဒိယကုန်သည် လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုကိစ္စများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့သည်။ 

အဆိုပါအစည်းအဝေးသို့  ကဏ္ဍအသီးသီးမှ  စုစုပေါင်းကုမ္ပဏီ (၁၅) ခု ပါဝင်တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်