၂၂ ဇန်နဝါရီ

အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှမီးယားတွင် အင်္ဂါနေ့က  အိန္ဒိယတပ်ဖွဲ့နှင့် စစ်သွေးကြွများ အကြား ပစ်ခတ်မှုများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။

အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှမီးယား နွေရာသီ မြို့တော် သီရိနာဂါမြို့တောင်ပိုင်း ၆၂ ကီလိုမီတာအကွာ ရှိုပိန် ခရိုင်ရှိ ဟပ်ရှားမာ ကျေးရွာ၌ ပစ်ခတ်မှု  ဖြစ်ပွားခဲ့သည်။

ဟပ်ရှားမား ကျေးရွာ၌ စစ်နှင့်ရဲ ပူးပေါင်း တပ်ဖွဲ့နှင့် စစ်သွေးကြွများအကြား ယနေ့မနက်ပိုင်းက စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရှိုပိန် ရှိ အကြီးတန်းရဲအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါနေရာတွင် စစ်သွေးကြွ သုံး၊လေးဦး ပိတ်မိနေဖွယ်ရှိကြောင်း ဖော်ပြထားသည်။

အာဏာပိုင်များက ယင်းခရိုင်ရှိ ဖုန်းအင်တာနက် ဝန်ဆောင်မှုများကို ဆိုင်းငံ့ထားပြီး ထိုပစ်ခတ်မှုဖြစ်ပွားနေရာသို့သွားရောက်သည့် လမ်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို