နယူးဒေလီ ၉ ဇွန်

 

အိန္ဒိယတွင် ကိုဗစ် - ၁၉ ကူးစက်ခံရမှု စံချိန်တင်မြင့်တက်နေသော်လည်း တိုင်းပြည်တစ်လွှားရှိ အချို့သော မြို့များတွင် ဈေးဝယ်စင်တာများနှင့် ဘုရားရှိခိုးကျောင်းများကို ဇွန် ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

 

အိန္ဒိယအစိုးရသည် တိုင်းပြည်ကို သီတင်းပတ် ၁၀ ပတ်ကြာ ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ပြီးနောက် ကိုဗစ် -၁၉ကြောင့် ဖြစ်ပေါ်လာရသည့် စီးပွားရေးကျဆင်းမှုကို ဖြေလျှော့ပေးနိုင်ရေးအတွက် ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့သည်။

 

ဇွန် ၈ ရက်တွင် ထုတ်ပြန်ကြေညာသည့် စာရင်းများအရ အိန္ဒိယနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ ၉၉၈၃ဦး တိုးလာခဲ့သည်။ မတ် ၂၅ ရက် နောက်ပိုင်းတွင်ပထမဆုံး အကြိမ်အဖြစ် ဒေလီမြို့တွင် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဘုရားရှိခိုးကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေး ခဲ့သည်။

 

ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ခြင်းမှာ အရဲစွန့်လုပ်ဆောင်ခြင်းဖြစ်ပြီး ဘာသာရေး အဆောက်အအုံများသို့ လူများတဖြည်းဖြည်းချင်း ဝင်ရောက်နေကြသည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မိုဟစ်ဘူဟီရာဂျာ သည် နှာခေါင်းစည်းများ လက်သန့်ဆေးရည်များယူဆောင်ပြီး ဘုရားရှိခိုးကျောင်းသို့ သွားခဲ့သည်။ ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခွင့်ရခြင်းလည်း ဖြစ်သည်။

 

ဘုရားရှိခိုးကျောင်းများတွင် ဝင်ပေါက်၌ လက်ဆေးရန် နေရာများထားရှိပေးပြီး လှူဖွယ်ပစ္စည်းများ ယူဆောင်လာခြင်းကိုမူ တားမြစ်ထားဆဲဖြစ်သည်။ အတွင်းသို့မဝင်မီ လူများကို အပူချိန်တိုင်းတာမှု နှစ်ခါပြုလုပ်သည်ဟု ဂျန်ဒီဝါလန်ဘုရားရှိခိုးကျောင်းသို့ သွားရောက်သူတစ်ဦးဖြစ်သူ ရန်ဗန်ဒရာဂိုရယ်က ပြောသည်။

 

ဒေလီမြို့သည် ကိုဗစ် - ၁၉ အဆိုးရွားဆုံး ကူးစက်ခံရသည့် နေရာထဲမှ တစ်နေရာဖြစ်ပြီး ကူးစက်ခံရသူ ၂၇၆၀၀ ရှိပြီး သေဆုံးသူ ၇၆၁ ဦး ရှိသည်။ အိန္ဒိယအစိုးရသည် ကိုဗစ် -၁၉ ထိန်းချုပ်ရေးအတွက် မတ် ၂၅ ရက်မှ စတင်ကာ ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ပြုလုပ်ခြင်းကြောင့် စီးပွားရေးထိခိုက်ခဲ့ပြီး အလုပ်သမားသန်းပေါင်း များစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

 

အေအက်ဖ်ပီ