အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၈၅၅ ဦး ထပ်မံတွေ့ရှိ

၂၉ ဇန်နဝါရီ

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၈၅၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူပေါင်း ၁၀၇၂၀၀၄၈ ဦး အထိရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၆၃ ဦး ရှိပြီး သေဆုံးသူပေါင်း ၁၅၄၀၁၀ ဦးအထိ မြင့်တက်လာခဲ့သည်။

 

 

ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၀၃၉၄၃၅၂ ဦးရှိပြီး နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ ၁၇၁၆၈၆ ဦး ရှိနေဆဲဖြစ်သည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို တိုက်ဖျက်ရန် ဇန်နဝါရီ ၁၆ ရက်နေ့တွင် နိုင်ငံတစ်ဝန်း ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများ လုပ်ဆောင်ခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေး လုပ်သားများကို အဓိကထားပြီး ကာကွယ်ဆေး ထိုးနှံခဲ့ရာ လူဦးရေ ၂ ဒသမ ၈ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်သည်။

 

 

မြို့တော် ဒေလီတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၈၃၅ ဦး ရှိကြောင်း ဒေလီကျန်းမာရေး ဌာနက ပြောကြားသည်။

 

 

အိန္ဒိယနိုင်ငံရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး နှစ်မျိုး ထိုးနှံပေးလျက်ရှိသည်။ အိန္ဒိယ စီရမ် အင်စတီကျု့က ထုတ်လုပ်သော Covishield ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံအတွင်းရှိ ပြည်နယ် အားလုံးကို ပေးပို့ထားပြီး Bharat Biotech International Limited က ထုတ်လုပ်သော ကိုဗစ် ကာကွယ်ဆေးကို ပြည်နယ် ၁၂ ခုကိုသာ ပေးပို့ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို