နယူးဒေလီ ဇွန် ၁၀
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်ပါတီများက ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် တတိယရာထူး သက်တမ်းအတွက် ဇွန် ၉ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။
ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ၎င်းက နိုင်ငံသားများ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်မည်ဟု ပြောကြားသည်။ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မော်လ်ဒိုက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများမှ နိုင်ငံအကြီးအကဲများ တက်ရောက်ကြသည်။
ယင်းကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားတွင် သမ္မတ ဒရောပါ ဒီမာမူ၏ရှေ့မှောက်၌ ဝန်ကြီးချုပ် မိုဒီ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်နယ်ဝန်ကြီးများက ကျမ်း သစ္စာကျိန်ဆိုခဲ့သည်။
နိုင်ငံအတွင်း လူငယ်များအကြား အလုပ်အကိုင်ရှားပါးမှုကို အစိုးရက မည်ကဲ့သို့ဖြေရှင်းမည်ကို စိတ်ဝင်စားမှုများ မြင့်တက်နေသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ