နယူးဒေလီ ဇွန် ၂၄
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဝမ်ယိအား နယူးဒေလီမြို့တွင် ဇွန် ၂၃ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝမ်ယိသည် BRICS အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ၏ (၁၆)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရန် နယူးဒေလီသို့ ရောက်ရှိနေခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်ပေါင်းထောင်ချီသက်တမ်းရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ဖလှယ်မှုများရှိပြီး နှစ်နိုင်စလုံးသည် ကမ္ဘာ့ရေးရာတွင်လည်း ထိပ်တန်းလွှမ်းမိုးနိုင်သည့် အဆင့်အတန်းရှိကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားသည်။
လက်ရှိအခြေအနေများအရ နှစ်ဖက်စလုံးသည် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းသင့်ပြီး အဆင့်မြင့်ဖလှယ်မှုများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ကာကွယ်သင့်ကြောင်း မိုဒီက ပြောကြားခဲ့ သည်။ အိန္ဒိယနိုင်ငံသည် လာမည့်နှစ်တွင် BRICS အလှည့်ကျဥက္ကဋ္ဌအဖြစ် တရုတ်နိုင်ငံ၏ တာဝန်ယူမှုကို ထောက်ခံပြီး BRICS ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ပိုင်းဒေသ၏ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံနှစ်ခုနှင့် အရေးကြီးသော အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့သည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် မှီခိုအားထားမှုကို မြှင့်တင်ရာတွင် စံပြအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
ယခုနှစ်တွင် အိန္ဒိယနိုင်ငံက BRICS အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံက ပံ့ပိုးပေးမည်ဖြစ်ပြီး BRICS အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေးအတွက် နှစ်နိုင်ငံလက်တွဲကြိုးပမ်းသွားမည်ဟု ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီ ချက်ကို အကောင်အထည်ဖော်ရန်၊ ယုံကြည်မှုကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် သံသယများကို ဖယ်ရှားရန်၊ ထိလွယ်ရှလွယ်သော ပြဿနာများကို သင့်လျော်စွာကိုင်တွယ်ဖြေရှင်းရန်၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-အိန္ဒိယ ဆက်ဆံရေး၏ အပြုသဘောဆောင်သော အရှိန်အဟုန်ကို ထိန်းသိမ်းရန်နှင့် ၎င်းတို့၏ သက်ဆိုင်ရာခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပူးတွဲမြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်သည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများကို အပြည့်အဝဖြည့်ဆည်းပေးပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်များနှင့် ကိုက်ညီကြောင်း ဝမ်က ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


