မန္တလေး ၁၈ ဒီဇင်ဘာ
မြန်မာ-အိန္ဒိယယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေးနှင့် ချစ်ကြည်ရေး အစီအစဉ်အရ မန္တလေးမြို့ ရုံးစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် Jawaharlal Nehru Dance Academy(JNMDA) တို့ပူးပေါင်း၍ The 5th International Sankirtan Day Celebration,2018 အထိမ်းအမှတ် မဏိပူ ပြည်နယ်ယဉ်ကျေးမှု အကအဖွဲ့ ဖျော်ဖြေ တင်ဆက်ပွဲကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီက အောင်မြေသာစံမြို့နယ် ၆၆ လမ်းရှိ မန္တလေးအမျိုးသား ဇာတ်ရုံတွင် ဖျော်ဖြေတင်ဆက်သည်။
ဖျော်ဖြေပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရ အဖွဲ့ဝင်များ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အိန္ဒိယနွယ်ဖွားများ၊ အနုပညာ ချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှု အားပေးကြသည်။
ဖျော်ဖြေပွဲတွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် မဏိပူယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်တို့က ဆီမီးထွန်း ဖွင့်လှစ်ပြီး မန္တလေးမြို့ရုံးစိုက် အိန္ဒိယ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်Mr.Nandan Singh Bhaisora က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မဏိပူယဉ်ကျေးမှု အဖွဲ့က အိန္ဒိယ ရိုးရာကျေးလက်တေးများ၊ အကများဖြင့် ဖျော်ဖြေကြသည်။ ဖျော်ဖြေပွဲ အပြီးတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ အိန္ဒိယ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက မဏိပူယဉ်ကျေးမှု အဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)
