ဘားအံ ၆ ဒီဇင်ဘာ
ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းပိုင်းဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေး စင်္ကနြ်လမ်းမကြီးပေါ်တွင် ချိတ်ဆက်တည်ရှိသော အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း တွင် ထိခိုက်နစ်နာသူများအား စတုတ္ထအကြိမ် လျော်ကြေးငွေပေးအပ်သည့်အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ အိန္ဒု-ကော့ကရိတ်လမ်း စီမံကိန်းဒါရိုက်တာ အင်ဂျင်နီယာ ချုပ်(မြို့ပြ)ဦးအောင်မျိုးဦးက လျော်ကြေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ မြေယာလျော်ကြေးပေးအပ်ရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ဒုတိယခေါင်းဆောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဆိုပါလမ်းတစ်လျောက်ရှိ ကျေးရွာ ၁၂ ရွာမှ ထိခိုက်နစ်နာ သူ ၅၂ ဦးကို လျော်ကြေးငွေ စုစုပေါင်း ငွေကျပ် ၁၂၂၆၉၆၅၁၄ (တစ်ထောင်နှစ်ရာနှစ်ဆယ်ခြောက်သိန်းကိုးသောင်း ခြောက်ထောင်ငါးရာတစ်ဆယ့် လေးကျပ်) ကိုပေးအပ်ခဲ့သည်။
အဆိုပါလမ်းပိုင်းသည် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ချေးငွေကိုရယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံ China Road and Bridge Corporation (CRBC) ကုမ္ပဏီမှကန်ထရိုက် စနစ်ဖြင့် တာဝန်ယူဆောင်ရွက်သောလမ်းပိုင်းဖြစ်ကာ အရှည် ၆၆ ဒသမ ၄ ကီလိုမီတာ အကျယ် ၁၀ မီတာရှိသော နှစ်လမ်းသွားလမ်းမကြီးအဖြစ် နိုင်ငံတကာအဆင့်မီလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကော့ကရိတ်ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးက ῝၂၀၁၇ ခုနှစ်ခန့်က လွန်းညတောင်တွင် လမ်းခင်းကျောက်ထုတ်ယူသုံးစွဲသည်နှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်များနှင့် ကိုက်ညီမှုမရှိဟုဆို၍ ADB ဘဏ်မှ ချေးငွေပေးချေမှုကို တစ်နှစ်ခွဲခန့် ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေလခန့်မှ ငွေပေးချေမှုကို ပြန်လည်ခွင့်ပြုခဲ့သည့်အတွက် တစ်နှစ်ခွဲ နီးပါးခန့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းရပ်ဆိုင်းခဲ့ရကြောင်း၊ ယခုအခါ လုပ်ငန်းများပြန်လည် ဆောင်ရွက်နေပြီဖြစ်ကာ ၂၀၂၀ ခုနှစ် မိုးရာသီမတိုင်မီ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီဆောင်ရွက်သည့် အခြေခံလွှာကျောက်ခင်းခြင်းလုပ်ငန်းအားလုံးကို ပြီးစီးအောင်အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်῎ ဟု ပြောသည်။

အဆိုပါလမ်းပိုင်းအဆင့်မြှင့်တင်ရာတွင် လမ်းနယ်နှင့်မလွတ်ကင်းသည် ၁၂ ပေ × ပေ ၂၀ဝ ရှိသော မြေတန်ဖိုး ကို လက်ခံရယူခြင်းမရှိဘဲ နိုင်ငံတော်အစိုးရသို့ လှူဒါန်းပေးခဲ့သည့် သာယာကုန်းကျေးရွာမှ ဦးဝင်းထွေးက ῝နိုင်ငံတော်အနေနဲ့ ADB ဘဏ်က ချေးငွေကိုယူပြီး ဆောင်ရွက်ထားခြင်းဖြစ်သည့်အတွက် ကျွန်တော်တို့ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊ အဲဒီတော့ ကျွန်တော်က နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကူညီပံပိုးတဲ့အနေနဲ့ မြေတန်ဖိုးကို မယူသလို ကျွန်တော် ဆယ်နှစ်ကျော်စိုက်ပျိုးထားတဲ့ အပင်တွေအတွက် ရရှိတဲ့လျော်ကြေးကို လမ်းကောင်းအောင်ဆောင် ရွက်ပေးတဲ့ CRBC ကုမ္ပဏီကဝန်ထမ်း တွေကို လှူဒါန်းလိုက်ပါတယ်၊ လမ်းမလုပ်ခင်က ကျွန်တော့ခြံမြေက သိန်းတစ်ရာလောက်ပဲတန်တာ၊ အခုက သိန်းနှစ်ထောင်ကျော်တန်တယ်။ ကျွန်တော့အနေနဲ့ နောက်ဆက်လုပ်ရမည့် ကိုယ်ကျိုးစီးပွား တွေအတွက်ဒီလမ်းက အထောက်အပံဖြစ်တဲ့အတွက်ကြောင့် ဒီလမ်းလုပ်ငန်းနဲ့ပတ်သက်လို့ ဝမ်းမြောက်ဝမ်းသာနဲ့နှစ်သက်ထောက်ခံအားပေးပါတယ်῎ ဟု ပြောသည်။

ယခုအခါ အဆိုပါလမ်းပိုင်းသည် ၁၇ ဒသမ ၅ ကီလိုမီတာထိ AC နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ပြီးစီးနေပြီး မကြာခင်နှစ်များအတွင်း နိုင်ငံတကာအဆင့်မီလမ်းမကြီးအဖြစ် မြင်တွေ့ရတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)