မြင့်စိုး (နတလ)
ခေါင်လန်ဖူးသို့ရောက်ခဲ့ပြီ
ခေါင်လန်ဖူးမြို့လေးသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ မှာ ကျွန်တော်ရောက်ခဲ့ပါပြီ။ ဆိုတော့ကာ... ယခင်က မရောက်ဖူးသေးသည့် သဘော။ အမှန်ပင်ဖြစ်ပါ၏။ ကချင် ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ နောင်မွန်သို့ တစ်ခေါက်၊ ပန်နန်းဒင်မြို့လေးသို့ နှစ်ခေါက် ရောက်ဖူးခဲ့သော်ငြား လည်း ခေါင်လန်ဖူးကိုမရောက်ဖြစ်ခဲ့ပါ။ သို့တစေ ထိုဒေသ အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ် ပေးနေသော မဂွေဇ-ခေါင်လန်ဖူးကားလမ်း (၆၅/၄) မိုင်ကို အကြောင်းပြုလျက် သုံးကြိမ် သုံးလား ရောက်ဖူးထားပြီး ပေပေါင်း ၇၇၀၀ ကျော် မြင့်မားသည့် ဆန်းလွတ်ချက် တောင်ထိပ်မှနေ၍ မေခမြစ်ဖျားက ခေါင်လန်ဖူးမြို့လေး ဆီသို့ လှမ်းမျှော်ငေးမောကြည့်ရှုခဲ့ဖူးသည်မှာ အခါခါပင်။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ခေါင်လန်ဖူးရေ...ပဲပေါ့။
ပထမဆုံးတစ်ခေါက်ကတော့ နတလဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ကို ကျွန်တော် ထမ်းဆောင်နေဆဲကာလ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့၌ ပူတာအို၊ ထိုမှတစ်ဆင့် နောင်မွန်၊ ပန်နန်းဒင်၊ မဂွေဇ ဒေသများသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ နတလဦးစီး ဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လင်းတို့လည်း လိုက်ပါလာခဲ့၏။ ထိုစဉ်က မဂွေဇ- ခေါင်လန်ဖူးကားလမ်းသည် ဆန်းလွတ် ချက်တောင်ထိပ် ၃၃ မိုင် ၆ ဖာလုံအထိတောင် မပေါက် သေးဘဲ ထိုနေရာသို့ရောက်ရန် လေးမိုင်ခန့်အရှည်ရှိ ကျောက်တောင်ကြီးကို မိုင်းများခွဲကာ ကျားကုတ်ကျားခဲ ဖောက်လုပ်နေရချိန် ဖြစ်သည်။ ပြောလျှင် ယုံကြမည်မထင်၊ မိုင်တိုင် ၃၀ နှင့် ၃၂ မိုင်အကြားမှာ စက်အား၊ လူအား အကုန်ထုတ်၍ ကြိုးပမ်းဖောက်လုပ်ခဲ့သော်ငြားလည်း တစ်နေကုန်၍သော်မှ ရှေ့ကို ၁၀ ပေ ခရီးမပေါက်သောနေ့ရက်များရှိခဲ့ဖူးသည်။ ထိုဒေသ၏ ရာသီဥတုကလည်း မိုးလည်းမိုးမို့ သဲသဲမဲမဲ ဗွက်လည်အောင်ရွာချတတ်သကဲ့ သို့ ဆောင်းကာလမှာရေခဲသည်အထိ ခိုက်ခိုက်တုန်စေခဲ့ သည်။ သည်ကြားထဲကပင် နတလဝန်ထမ်းများ၊ တပ်မတော်က တွဲဖက်ပေးထားသော အင်ဂျင်နီယာ စစ်သည်များ၊ ယန္တရားမောင်းနှင့် လမ်းလုပ်သားများ အားလုံးသည် ဆိုးရွားလှသော ရာသီဥတုဒဏ်နှင့် လေးမိုင် အရှည်ရှိ ကျောက်တောင်ကြီးကို အန်တုကာ လူနားသော် လည်း စက်မနားဘဲ နေ့၊ ညအစွမ်းကုန် ကြိုးစားဖောက်လုပ် ခဲ့ခြင်းကြောင့် မဂွေဇ-ခေါင်လန်ဖူးကားလမ်းသည် ဆန်းလွတ်ချက်တောင်ထိပ်သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ မှာ အောင်မြင်စွာခရီးပေါက်ခဲ့သည်။ ကျွန်တော်တို့ စတင်ရောက်ရှိခဲ့ချိန်၌ ကားလမ်းမပေါက်သေးသော တောင်ထိပ်ခရီးကို လူသွားလမ်းလေးအတိုင်း အရောက် သွားပြီး တောင်ထိပ်မှနေ၍ ခေါင်လန်ဖူးမြို့လေးရှိရာသို့ ငေးမောကြည့်ရှုခဲ့ခြင်းအား ယနေ့တိုင်မမေ့နိုင်ပါ။
အိပ်မက်လမ်းသို့ခရီးရှည်
နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလက်တွဲကာနယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး (၆၅/၄) မိုင် ကားလမ်းနှင့်ပတ်သက်၍ ကားလမ်းမဖောက်လုပ်မီက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေနှင့် လမ်းဖောက်လုပ်ပြီး ပြောင်းလဲ သွားသော အခြေအနေများ၊ ဒေသခံပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု အခြေအနေ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် Tourist Attraction အတွက် သာယာလှပသောနေရာများနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများ ပြည့်စုံကြွယ်ဝသည့် ဒေသဖြစ်ကြောင်း ပုံဖော်ရိုက်ကူးတင်ပြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ခဲ့သည်။
ယင်းလမ်းညွှန်ချက်အရ အကောင်အထည်ဖော် ရိုက်ကူးတင်ပြနိုင်ရေးအတွက် အကြံဉာဏ်များညှိနှိုင်းပေါင်းစပ်ရယူနိုင်ရန် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဦးဆောင်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းအစည်း အဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြားနှင့် ပူးပေါင်းရိုက်ကူးတင်ပြမည့် အဆိုပါ ရုပ်/သံ အစီအစဉ် ကိုလည်း "အိပ်မက်လမ်းသို့ခရီးရှည်"ဟု အမည်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အကြံပြုတင်ပြခဲ့၏။
MRTV အဖွဲ့နှင့် ရိုက်ကူးပုံဖော်
MRTV အဖွဲ့အတွက်တော့ ဘယ်နှကြိမ်မြောက်လဲ မသိ၊ ကျွန်တော့်အဖို့ရာမူ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ၎င်းတို့နှင့်အတူ သွားရောက်ခဲ့သော ပူတာအို၊ နောင်မွန်၊ ပန်နန်းဒင်၊ မဂွေဇဒေသရိုက်ကူးရေးခရီးစဉ်သည် ဒုတိယ အကြိမ် ဖြစ်၏။ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ ပူတာအိုခရီးစဉ်အပြီး ကျန်ခဲ့ပြီးနောက် မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်မှုနှင့် နောင်မွန်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးမည် ဖြစ်ရာ ရိုက်ကူးရေးအဖွဲ့လည်း တစ်ပါတည်းလိုက်ပါသွား ခဲ့ခြင်းဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့သည် ပူတာအို၊ နောင်မွန် နှင့် ပန်နန်းဒင်ဒေသများရှိ ဒေသခံ ရဝမ်၊ လီဆူ၊ ဂျိမ်းဖော့၊ ခမ်းတီးရှမ်းတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ အခြေ အနေများ၊ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး သဘာဝ ထိန်းသိမ်းရေးနယ်မြေဖြစ်သော ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်နှင့် ပတ်သက်သောအချက်အလက်များ၊ ရေခဲတောင် များ၏ သဘာဝအလှနှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ ဆေးဖက်ဝင်အပင်များ၊ သစ်ခွမျိုးစိတ်များ၊ မြို့ရွာဒေသ အလိုက် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများအပြင် မဂွေဇ-ခေါင်လန်ဖူးကားလမ်း (၆၅/၄)မိုင်အနက် ဆန်းလွတ်ချက် တောင်ထိပ်အထိ ( ၃၃/၆) မိုင် ဖောက်လုပ်ပြီးစီးမှုအပေါ် ဒေသခံတိုင်းရင်းသားများ၏ သဘောထားအမြင်နှင့် ကြည်နူး ဖွယ်ရာရင်တွင်းစကားများကိုပါ ရိုက်ကူးရယူ နိုင်ခဲ့ပါသည်။
MRTV အဖွဲ့က ဦးဇေယျာကျော်ဝင်း၊ ဒေါ်ဆွေဆွေသန်း တို့ အဖွဲ့နှင့်အတူ အိပ်မက်လမ်းသို့ခရီးရှည် ရုပ်/သံ အစီအစဉ်အဆုံးသတ်ရိုက်ကူးရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ပူတာအိုဒေသ မဂွေဇ - ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်ရေးစီမံကိန်းသို့ တတိယတစ်ခေါက် ထပ်မံရောက်ဖြစ်ခဲ့ကြသည်။ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် ရဝမ် တိုင်းရင်းသားခေါင်းဆောင် ဦးအားတန်တို့နှင့် အင်တာဗျူး အစီအစဉ်များကို ဆန်းလွတ်ချက်တောင်ထိပ်ပေါ်တွင် ရိုက်ကူးခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က ကားလမ်းသည် ဆန်းလွတ်ချက်တောင်ထိပ် ၃၃ မိုင် ၆ ဖာလုံ အလွန် သာသာ လေးအထိသာ ဖောက်လုပ်နိုင်ပါသေးသည်။
လမ်းတစ်ဝက်ဖွင့်ပွဲကျင်းပခဲ့
နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့၏ လမ်းညွှန်ချက်အရ နယ်စပ်ရေးရာဝန်ကြီး ဌာနက တာဝန်ယူဖောက်လုပ်ခဲ့သော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း ၆၅ မိုင် ၄ ဖာလုံအနက် ဆောင်ရွက်ပြီးဖြစ်သည့် မဂွေဇ- ဆန်းလွတ်ချက်တောင်ထိပ် ၃၃ မိုင် ၆ ဖာလုံ လမ်းပိုင်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှ အချို့ကို ကောက်နုတ်တင်ပြလိုပါသည်။
“ဒီလိုလမ်းဖောက်တယ်ဆိုတာ အဓိကအားဖြင့် ကျွန်မတို့ဒေသ ဖွံ့ဖြိုးရေးအတွက်လည်းဖြစ်တယ်။ ဒါပေမယ့် ပိုပြီးအရေးကြီးတာက ကျွန်မတို့ ပြည်ထောင်စု တိုင်းရင်းသားများအားလုံးကြားထဲမှာ နီးစပ်လာအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ လမ်းမဖောက်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုရှိဖို့ဆိုတာ မလွယ်ပါဘူး။ လမ်းဖောက်လိုက်တယ်ဆိုတာနဲ့ပဲ ထိတွေ့မှုတံတားကြီးတစ်ခု ဆောက်လိုက်သလိုပါပဲ။ လမ်းတွေ၊ တံတားတွေ ဖောက်တယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်က ဒါပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုဆိုတာလည်း နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပေမယ့် ပိုပြီးတော့ အရေးကြီးတာက ညီညွတ်မှုအင်အားပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုလမ်းဖောက်တဲ့အခါမှာ လမ်းဖောက် ဖြစ်အောင်လုပ်ပေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားအားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။
အခု ဒီလိုလမ်းဖောက်တဲ့အချိန်မှာ ဘာတွေ သင်ခန်းစာယူရမလဲဆိုတော့ ဒီလမ်းဟာ အင်မတန်ခက်ခဲ ပါတယ်။ ဘယ်လိုပဲ ခက်ခဲခက်ခဲ တကယ်ဆန္ဒရှိတယ်၊ တကယ်ပဲ လုံ့လဝီရိယနဲ့ စုပေါင်းပြီးတော့ လုပ်သွားမယ် ဆိုရင် မကျော်လွှားနိုင်တဲ့ အခက်အခဲဘာမှမရှိပါဘူး” ဟု ထည့်သွင်းမိန့်ကြားသွားခဲ့သည်။
ဆိုင်ကယ်စီး၍သွားပါမည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ကြားချက်ပါ အတိုင်း အလွန်ခက်ခဲသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း၏ ကျန်လမ်းအပိုင်းကို နယ်စပ်ရေးရာဝန်ကြီး ဌာနက ဆက်လက်ဖောက်လုပ်လျက်ရှိရာ ယခုအခါ ၄၃ မိုင်အကွာ ရီဒမ်းကြိုးတံတားကြီးတည်ရှိရာ မေခမြစ် ကမ်းအနီးသို့ ဦးတည်နေပြီဖြစ်သည်။ ယင်းလုပ်ငန်းခွင် ရှိရာသို့ စတုတ္ထအကြိမ်မြောက်အဖြစ် ကျွန်တော်လိုက်ပါ ကြည့်ရှုခွင့်ရခဲ့ပါသည်။ သို့သော်ငြားလည်း သည်တစ် ခေါက် ကျွန်တော်စိတ်ကူးက ရီဒမ်းလောက်နှင့် ရပ်မနေခဲ့ ပါ။ ခေါင်လန်ဖူးမြို့လေးရှိရာသို့ မဖြစ်ဖြစ်သည့် နည်း ဖြင့် အရောက်သွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါသည်။ မည်ကဲ့သို့သွားကြမည်နည်း။ ရီဒမ်းမှ ခေါင်လန်ဖူးအထိ ၂၂ မိုင် ၄ ဖာလုံခရီးကို ဆိုင်ကယ်ကယ်ရီနောက်မှ လိုက်၍စီးရန် ဖြစ်ပါသည်။ ။
(ဆက်လက်ဖော်ပြပါမည်)
ကြေးမုံ