mdn

သတင်းဆောင်းပါး - အေးကြွယ်

 

မေရိကန်ပြည်ထောင်စု၏ နွေနှောင်းရာသီမို့ မပူလွန်း၊ မအေးလွန်းဘဲ အတော်အတန် နေလို့ကောင်းသည် ဟုဆိုရမည်။ နွေဥတုဆိုသော်လည်း ကျွန်တော်တို့ တွေ့မြင်ခံစားခဲ့ဖူးသည့် နွေနိမိတ်ပုံတွေကဲ့သို့ ပူပြင်းကြမ်းရှ သည့်အထိအတွေ့များ၊ စိန်ပန်းပွင့်၊ လက်ပံပွင့်နှင့် ပေါက်ပွင့်နီနီရဲရဲများ၊ ရိုးတံများ ဖြိုင်ကျနေသည့် ပင်အိုကြီးများ တော့မဟုတ်။ 

 

တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်၊ မခံစားခဲ့ဖူးသေးသည့်အေးမြမြ အထိအတွေ့များ၊ ကြည်လင်အေးမြနေသည့် ရေအိုင်ကျယ်ကြီးများ၊ မြင့်မားဖြောင့်တန်းနေသည့်ထင်းရှူးပင်ကြီးများ၊ ပန်းသီးပင်နှင့် ဘယ်ရီပင်များ၊ ဝါဂွမ်းစကြီးများခင်းထားသကဲ့သို့ ဖြူဖွေးနေသော Mount Rainier တောင်ကြီးပေါ်က အရည်ပျော်နေသည့် ရေခဲပြင်ကြီးများက ကျွန်တော်တို့၏ ခံစားမှုကိုတစ်မျိုးတစ်ဖုံ ထူးခြားဆန်းသစ်နေတော့သည်။ 

 

အမှန် အတိုင်းပြောရလျှင် ဆီရယ်တဲလ်မြို့ကိုလာရောက်ခွင့်ရခဲ့သည်ကပင် အင်မတန်ကုသိုလ်ထူး သည်ဟု ပြောရမည်။ မြစိမ်းရောင်မြို့တော်ဟု တင်စား ခေါ်ဝေါ်ခံရသည့် ဆီရယ်တဲလ်မြို့သည် အမေရိကန် ပြည်ထောင်စု၏ အလှပဆုံးသော မြို့များထဲက တစ်ခုအပါအဝင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ဘက် ဝါရှင်တန်ပြည်နယ်ထဲတွင်တည်ရှိပြီး Microsoft၊ Boeing ၊ Amazon၊ Starbucks Coffee စသည့် ကမ္ဘာကျော်ကုမ္ပဏီကြီးများ ရုံးစိုက်ရာမြို့ကြီးတစ်မြို့လည်း ဖြစ်သည်။

 

ဤမြို့ကြီးကို ရောက်တုန်း ရောက်ခိုက် စာကြည့်တိုက်များသို့ သွားရောက်လေ့လာခဲ့ဦးမည်ဟု စိတ်ကူးမိသည်။ စာကြည့်တိုက်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ ဖွံ့ဖြိုးမှုအခြေအနေကို လေ့လာရန်အတွက် အကောင်းဆုံးသောနေရာဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်း တိုင်းအတွက် မပါမဖြစ်သော လူထုဆက်ဆံရေးမှူး တစ်ဦးဟုလည်း နားလည်ထားမိသည်။ ထို့ကြောင့်ပင်သင်တန်းမှ ဆရာ ဆရာမများကို စာကြည့်တိုက်များသို့ သွားရောက်လည်ပတ်နိုင်ခွင့်ရရန် ပူဆာမိသည်။ ကံကောင်းသည်ဟု ပြောရမည်။ ကျွန်တော်တို့၏ တင်ပြ ချက်ကို ဆရာ ဆရာမများက မငြိုမငြင် ကြည်ကြည်ဖြူဖြူ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

 

ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရ 

 

တကယ်တမ်းပြောရလျှင် ဝါရှင်တန်တက္ကသိုလ်ကြီးထဲ ခြေချမိသည့်အချိန်ကပင် စာကြည့်တိုက် များနှင့်ပတ်သက်၍ ခံစားချက်အချို့ရှိခဲ့သည်။ တက္ကသိုလ်ပရဝဏ်ကြီးအတွင်း သွားရောက် လည်ပတ် ခဲ့မိသည့်အချိန်၌ တက္ကသိုလ်အဝင်ဝထိပ်ရှိ ဝတ်ရုံကြီးဝတ်ကာ မားမားမတ်မတ်ရပ်နေသည့် ဂျော့ဝါရှင်တန် ရုပ်တုကြီးနှင့်စာအုပ်ပေါင်း သန်းချီထားရှိပေးထားသော Suzzallo Library စာကြည့်တိုက် အဆောက် အအုံကြီးနား တစ်ဝိုက်တဝဲလည်လည် ဖြစ်နေခဲ့မိသည်။ စိတ်ထဲအတွေးထဲတွင် သည်လောက်ကောင်းသည့် တက္ကသိုလ်ကြီးထဲသည်လိုကြီးမားသည့် စာကြည့်တိုက်ကြီးတစ်ခုရှိနေပါလားဟု ဝမ်းသာဂုဏ်ယူတွေးမိခဲ့သည်။ တစ်ချိန်တည်းမှာပင် ကိုယ်ကျင်လည်ခဲ့ဖူးသည့် ရန်ကုန်တက္ကသိုလ်ကြီးထဲက တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကြီးကို ပြန်လည်မြင်ယောင်ရင်း ဝမ်းနည်းကြေကွဲမိခဲ့သည်။

 

တစ်ချိန်တစ်ခါက ကျွန်တော်တို့၏ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကြီးသည် စာအုပ်စာတမ်းနှင့် စာပေ ပစ္စည်းအစုံလင်ဆုံး၊ မြန်မာမှု၊ မြန်မာ့ရေးရာနှင့်ပတ်သက်လျှင် ကမ္ဘာပေါ်တွင် အစုံလင်ဆုံးဖြစ်ခဲ့သည်ဟု ဆရာကြီး မြတ်စိုးရေးသားခဲ့သည့် စာတစ်ပုဒ်တွင် ဖတ်ခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဤစာကြည့် တိုက်ကြီးကိုစစ်စခန်းအဖြစ် အသုံးပြုခဲ့ခြင်းကြောင့် ပျက်စီးခဲ့ရသည်။ ဂျပန်စစ်သားအချို့က ပေရွက်များနှင့် မီးမွှေး၊ ရေနွေးအိုး တည်ခဲ့ကြသည်။ စစ်ကြီးပြီးချိန်၌ စာကြည့်တိုက်အဆောက်အအုံကြီးကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီး ခဲ့ကြသည်။ စာအုပ်တင်သံစင်များပေါ်တွင် စာအုပ်စာတမ်းများ၊ ပေပုရပိုက်များ ပုံစံမပျက် ပြာဖြစ်နေခဲ့ပုံကိုဆရာကြီးမြတ်စိုးက မျက်စိထဲ မြင်ယောင်လာအောင သရုပ်ဖော်ရေးသားခဲ့ဖူးသည်။

 

အိပ်မက်ထဲက စာကြည့်တိုက်ကလေး

 

Rainier Beach Branch စာကြည့်တိုက်သည်ဆီရယ်တဲလ်မြို့ တောင်ဘက်ပိုင်းတွင်တည်ရှိပြီး ဝါရှင်တန် တက္ကသိုလ်မှ မိနစ် ၄၀ ခန့် ကားစီးခဲ့ရသည်။ စာကြည့်တိုက်သို့ သွားရာလမ်းတစ်လျှောက်တွင် ပန်းခြံကြီးများ၊ ကလေး ကစားကွင်းများ၊ အားကစားရုံများနှင့် စာသင်ကျောင်းကြီးများကို တွေ့မြင်ရသည်မှာ စိတ်ကြည်နူးရ သည်။ ကားလမ်း ဝဲ၊ ယာတစ်ဖက်တစ်ချက်တွင် ကျယ်ပြန့်သော လူသွား စင်္ကြံများနှင့် ညီညာပြန့်ပြူးနေသည့် ကတ္တရာလမ်းများကိုမြင်တွေ့ရသည်မှာ လွန်စွာမျက်စိပသာဒ ဖြစ်ခဲ့ရသည်။ 

 

မိနစ် ၃၀ ခန့် ကားပေါ်လိုက်ပါလာမိချိန Martin Luther-King Jr. Ways ဟု အမည်တပ်ထားသည့် လမ်းလေးတစ်ခုကို မထင်မှတ်ဘဲ မြင်တွေ့ရသည်။ စိတ်ထဲတွင် ၁၉၆၃ ခုနှစ်တစ်ဝိုက်က ဝါရှင်တန်ဒီစီ လင်ကွန်း အဆောက်အအုံရှေ့တွင်  I Have a Dream ဆိုသည့်ကမ္ဘာကျော်မိန့်ခွန်းကို ပြောဆိုနေသည့် သူ့ပုံကိုပြေးပြီး မြင်ယောင်မိသည်။ လူဖြူ၊ လူမည်းမခွဲခြားဖို့ အရေးဆိုတိုက်ပွဲဝင်ခဲ့သည့် သတ္တိခဲတစ်ဦးအဖြစ် ကျွန်တော်တို့ယနေ့တိုင် သူ့ကို အသိအမှတ်ပြုနေရဆဲဖြစ်သည်။ 

 

ယခုဆိုရင် မာတင်လူသာကင်း၏ အိပ်မက်ထဲကကဲ့သို့ နယူးယောက်မြို့၏ လမ်းများပေါ်တွင်၊ ဝါရှင်တန်မြို့၏ လမ်းများပေါ်တွင်၊ ဂျော်ဂျီယာမြို့၏ တောင်ကုန်းကြီး များပေါ်တွင်၊ နှင်းဖုံးနေသည့် ကော်လိုရာ ဒိုတောင်တန်းကြီးများပေါ်တွင် လူဖြူကလေးများနှင့် လူမည်းကလေးများ အတူတကွ လမ်းလျှောက်နေကြပါပြီ။ ယင်းအခြေအနေကိုမာတင်လူသာကင်းတစ်ယောက် ကောင်းကင်ဘုံမှဝမ်းမြောက်နေမည်ဟု ထင်သည်။ မာတင်လူသာကင်းလမ်း ကိုကျော်၍ အရှေ့ဘက်သို့ အနည်းငယ်သွားလိုက်သည်နှင့်ကျွန်တော်တို့ လေ့လာချင်နေသည့် Rainier Beach Branch စာကြည့်တိုက်သို့ ရောက်ရှိခဲ့သည်။

 

စာကြည့်တိုက်ထဲဝင်လိုက်သည်နှင့် စာကြည့်တိုက်မှူးများ၏ ပြုံးရွှင်ချိုသာနေသည့် ဟန်ပန်အမူအရာများ၊ စာကြည့်တိုက်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဦးစွာတွေ့မြင်ရသည်။ စာကြည့်တိုက်အတွက် ချမှတ်ထားသည့် Mission  များ၊ ဆောင်ပုဒ်များနှင့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ဦးစွာလေ့လာ ဖြစ်ခဲ့သည်။ ပထမဦးစွာ စာကြည့်တိုက်၏ Mission  ကိုလေ့လာလိုက်ရုံဖြင့် ကျွန်တော့်အတွက် ကျေနပ်ပီတိဖြစ်ရသည်။ 

 

စာကြည့်တိုက် Mission  ကို “To bring people, information and idea together to enrich lives and build Community" ဟု ဖော်ပြ ထားသည်မှာ အင်မတန်လှပပြီး အဓိပ္ပာယ်ပြည့်ဝနေသည်။ ဤကဲ့သို့သော ငျြငသည မျိုးကို တော်ရုံစိတ်ကူး စိတ်သန်းမျိုးဖြင့် ချမှတ်နိုင်မည်မဟုတ်။ သတင်းအချက်အလက်များ၊ စိတ်ကူးစိတ်သန်း ကောင်းများဖြင့် ချမ်းသာ ကြွယ်ဝသည့် လူ့အသိုက်အဝန်းဆီကို ခေါ်ဆောင်သွားမည်ဆိုသည့်သဘောပင် ဖြစ်သည်။

 

စာကြည့်တိုက်ဝန်ဆောင်မှုများကို လေ့လာကြည့်ရာ တွင် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးထားပြီး သောကြာနှင့် စနေနေ့များတွင် ညနေ ၆ နာရီအထိသာ ဖွင့်လှစ်ပေးထားသည်။ တနင်္ဂနွေနေ့တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားသဖြင့် စာကြည့်တိုက်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးနေသည်ကို တွေ့ရသည်။

 

စာကြည့်တိုက်တွင် အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်ဘာသာများဖြင့် ရေးသားထားသည့် စာအုပ်၊ စာစောင်များနှင့် Movies များ ငှားရမ်းဖတ်ရှုနိုင်ပြီး စာကြည့်တိုက်မှူးများက ဘာသာစကားနှစ်မျိုး တတ်ကျွမ်းသူများ ဖြစ်ကြောင်း သိရသည်။

 

စာကြည့်တိုက်တွင် Audio Books များ၊ Music (CDs) များ၊ Movies (DVDs)များ အပါအဝင်စာအုပ်၊ စာစောင်နှစ်သန်းကျော် စုဆောင်းထားရှိပေးထားသည်။ ယင်းစာအုပ်များ၊ သီချင်းများနှင့် Movies များကို Online မှ အခမဲ့ဆွဲယူဖတ်ရှုနိုင်ရန် စီစဉ်ပေးထားသည်။ စာကြည့်တိုက်ထဲသို့ လှည့်လည်ကြည့်ရှုချိန်တွင် ဆော့ကစားနေသည့် ကလေးငယ်များ၊ မိသားစုအလိုက် စာအုပ်လာဖတ်နေကြသူများ၊ အင်တာနက် အသုံးပြုနေသူများကို တွေ့မြင်ခဲ့ရသည်။

 

စာကြည့်တိုက်တွင် ကလေးများ ဆော့ကစားနိုင်သည့် သီးသန့်နေရာများ ထားရှိပေးထားသကဲ့သို့ Meeting room များနှင့် Study room များကိုလည်း အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။ ယင်း Study room များတွင် ပန်းချီသင်တန်း၊ အခြားအနုပညာ သင်တန်းများကိုဖွင့်လှစ်၍ စာကြည့်တိုက်သို့ ပြည်သူများ ဝင်၊ ထွက် သွားလာအသုံးပြုရန် စီစဉ်ပေးထားသည်။

 

စာကြည့်တိုက်တာဝန်ခံမှ စာကြည့်တိုက်လုပ်ငန်း များအပေါ် စိတ်ရှည်လက်ရှည် ရှင်းပြသည်။ သူ၏ရှင်းလင်း ပြောပြချက်ကို နားထောင်ကြည့်ရုံဖြင့် မည်မျှစိတ်အား ထက်သန်နေသည်ကိုလည်း သိနိုင်သည်။ သူ၏ရှင်းပြချက်များတွင့် UNESCO က ထုတ်ပြန်ပေးခဲ့သည့် ပြည်သူ့စာကြည့်တိုက်ကြေညာစာတမ်းပါ အချက် အလက်များစွာ ပါဝင်နေသည်ကို သတိပြုမိသည်။

 

ယင်းစာကြည့်တိုက်နှင့်ပတ်သက်၍ နောက်ထပ်အတုယူစရာကောင်းသည့်အချက်မှာ စာကြည့်တိုက်၏ ပန်းတိုင် (Goals) နှင့် ရည်ရွယ်ချက် (Objective) ကိုကောင်းစွာချမှတ်နိုင်ခြင်းပင် ဖြစ်သည်။ စာကြည့်တိုက်၏ မဟာဗျူဟာစီမံချက်ကို တစ်နှစ်ချင်းသာမဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်စာ ရေးဆွဲဆောင်ရွက်ထားသည်။ မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ မိမိတို့၏ပန်းတိုင်နှင့် ရည်ရွယ်ချက်ကို တိတိကျကျ ချမှတ်နိုင်လျှင်အောင်မြင်နိုင်မည်ဟု ယုံကြည်မိသည်။ ဤသို့မဟာဗျူဟာ ချမှတ်နိုင်ပုံကို ကျွန်တော်တို့ အတုယူကြရမည်။

 

Rainier Beach Branch စာကြည့်တိုက် ယခုလိုအောင်မြင်နေခြင်းကိုပြန်ကြည့်လျှင် အစိုးရတစ်ခုတည်းက တာဝန်ယူဆောင်ရွက်နေခြင်းမဟုတ်ဘဲ အခြားအသင်း အဖွဲ့များကပါ ဝိုင်းဝန်းကူညီပံ့ပိုးနေခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရမည်။ မည်သည့်နိုင်ငံတွင်မဆို Civil Society ခေါ် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်း မောင်းသန်ဖြစ်လျှင် နိုင်ငံတိုးတက်မည်။ လူမျိုးကြီးပွားမည်။ ကမ္ဘာ့နိုင်ငံကြီးများသည် ဒုတိယက္ဘာစစ်အပြီး ဒီမို ကရက်တစ် ဒုတိယလှိုင်းကာလမှစ၍ ဤသဘောတရား ကို နားလည်လက်ခံထား ကြသည်။ ထို့ကြောင့်လည်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လူလတ်တန်းစားအလွှာ များ အားကောင်းလာရန် ကြိုးပမ်းယူကြသည်။ ယခုဆီရယ်တဲလ်မြို့တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းသည်ဟု ပြောရမည်။ စာကြည့်တိုက်ကို Library Leaders and Organizations၊ City Librarian Marcellus Turner၊ Friends of the Seattle Public Library၊ The Seattle Public Library Foundation နှင့် Washington Center for the book တို့က ဝိုင်းဝန်းပူးပေါင်း ပံ့ပိုးနေသည်ကိုတွေ့မြင်ရသည်။

 

ကျွန်တော်တို့နိုင်ငံတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဖြည့်ဆည်းပေးနေသည့် အဖွဲ့ အစည်းမည်မျှရှိသည်ကို စိတ်ထဲတွေးကြည့်မိသည်။ စာကြည့်တိုက်လုပ်ငန်းများတွင် ပါဝင်မှုရှိလာစေရန် စည်းရုံးဆောင်ရွက်ရမည်။ ထို့ထက်ပို၍ ပြောရလျှင်စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြု လာစေရန် ဆောင်ရွက်ရမည်။ တစ်နည်းအားဖြင့်ဆိုရလျှင်ဉာဏအခြေခံသည့် လူ့အဖွဲ့အစည်းများ Brains Based Society) များ အားကောင်းလာစေရန် ကြိုးပမ်းရမည်။ နိုင်ငံတော်အစိုးရတစ်ခုတည်း၏အားဖြင့် ဆောင်ရွက်၍မရဘဲ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှ အောင်မြင်မည် ဖြစ်သည်။ 

 

နောက်ထပ် သတိပြုမိခဲ့သည့်အချက်မှာ စာကြည့်တိုက်၏ ဆောင်ပုဒ်များပင် ဖြစ်သည်။ စာကြည့်တိုက် ဆောင်ပုဒ်အဖြစ် Support your Library ဆိုသည့်ဆောင်ပုဒ်များ၊ Donate money၊  book and time ဆိုသည့် ဆောင်ပုဒ်များကို တွေ့ခဲ့ရသည်။ အကြိုက်နှစ်သက်ဆုံးစကားလုံးအဖြစ် Creating a Legacy၊ Libraries for All  ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။ အမှန်တကယ်ပင် ကျွန်တော်တို့အားလုံးက စာကြည့်တိုက်များကို အားပေး မြှင့်တင်ရင်း အမွေခံကောင်းများ ဖန်တီးပေးခဲ့ရမည်ဖြစ်သည်။ ဤစာကြည့်တိုက်ကြီး ယခုလို ပေမီဒေါက်မီ ဖြစ်လာစေရန် ယင်းဆောင်ပုဒ်များက မည်မျှကူညီပံ့ပိုးပေးခဲ့လေသည်ကို သိချင်စိတ်စောနေခဲ့သည်။

 

ဆီရယ်တဲလ်မြို့တွင် နေထိုင်ခဲ့စဉ်အတွင်း ပြည်သူ့စာကြည့်တိုက်နှစ်တိုက်ကို လေ့လာခွင့်ရခဲ့ပါသည်။ ထိုစာကြည့်တိုက်များ၏ အခြေအနေနှင့် ကျွန်တော်တို့နိုင်ငံရှိ စာကြည့်တိုက်များ၏ အခြေအနေကို နှိုင်းယှဉ် လေ့လာနိုင်ခဲ့သည်။ ကျွန်တော့်မျက်လုံးထဲတွင်ဝါရှင်တန်တက္ကသိုလ်ထဲက Suzzallo စာကြည့်တိုက်၊ Rainier Beach Branch  စာကြည့်တိုက်နှင့် hSeattle Central Library  စာကြည့်တိုက်ကြီးများ၏ ခမ်းနားမှု၊ ထည်ဝါမှု၊ ကောင်းမွန်ပြည့်စုံမှုများကိုသာ မြင်ယောင်နေမိသည်။ ထိုကဲ့သို့သော ထည်ဝါခမ်းနားပြီး ကောင်းမွန်ပြည့်စုံသည့် စာကြည့်တိုက်များကို ကျွန်တော်တို့ သက်ရှိထင်ရှားရှိနေချိန်တွင် မြင်ဖူးကြုံဖူးချင်သည်။ တစ်နည်း အားဖြင့် ကျွန်တော်တို့ အသက်ရှင်နေချိန်တွင် ဤကဲ့သို့စာကြည့်တိုက်ကြီးတစ်ခု ပေါ်ပေါက်လာရန် အိပ်မက်မက်ခဲ့ သည်။

 

စာကြည့်တိုက်များ ဖွံ့ဖြိုးစေရန်

 

တကယ်တမ်းပြောရလျှင် မြန်မာနိုင်ငံ၏စာကြည့်တိုက်ယဉ်ကျေးမှုသည် အိမ်နီးချင်းနိုင်ငံများထက် စောခဲ့ သည်ဟု သိရသည်။ သို့ရာတွင် စာကြည့်တိုက်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေမှာ အားရကျေနပ်ဖွယ် မရှိသေးဘဲ လူးကာလွန့်ကာဖြင့် လည်ပတ်နေကြရသည်။ အထူးသဖြင့် စာကြည့်တိုက်များ၏ ရေရှည်တည်တံ့ ခိုင်မြဲရေးကို အာမခံနိုင်သည့် ရန်ပုံငွေစနစ် ခိုင်မာမှုမရှိခြင်း၊ စာကြည့်တိုက်မှူးများ၏ ကျွမ်းကျင်မှုဆိုင်ရာ အားနည်း ခြင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများ နည်းပါးခြင်း နှင့် ခေတ်မီနည်းပညာရပ်များကို အသုံးမပြုနိုင်ခြင်း စသည်တို့ကို ယေဘုယျတွေ့မြင်နေရသည်။

 

နေ့အချိန်တွင် မြန်မာနိုင်ငံ၌ ပြည်သူ့စာကြည့်တိုက် မဟာဗျူဟာစီမံကိန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ MBAPF၊ IREX၊ IFLA နှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း စသည့် အဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲလျက်ရှိသည်ဟု သိရသည်။ ယင်းစီမံကိန်းစာတမ်းပါ အချက်အလက်များသည်မြန်မာနိုင်ငံ၏ စာကြည့်တိုက်များအတွက် ကောင်းမွန်သည့် တိုးတက်မှုများရှိလာနိုင်သည်ဟု ထင်သည်။ 

 

စာကြည့်တိုက်များ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရည်မှန်း ချက်ပန်းတိုင်များ ခိုင်ခိုင်မာမာ ချမှတ်ထားရန်လိုသည်။ ပန်းတိုင်မရှိဘဲ စမ်းတဝါးဝါး လျှောက်လှမ်းနေခြင်းထက်မည်သည့်အချိန်တွင် မည်သည့်နေရာကို ရောက်ရှိမည်ဆိုသည့် ပန်းတိုင်မျိုးရှိရမည်။

 

 နောက်ထပ်လိုအပ်ချက်တစ်ခုမှာ စာကြည့်တိုက်ဆိုင်ရာ မဟာဗျူဟာစီမံကိန်းတစ်ခုကို ချမှတ်၍ အားလုံး ပါဝင်လာအောင်လည်း စည်းရုံးဆောင်ရွက်ရမည်။ စာကြည့်တိုက်များ၏ အရေးပါမှုအခန်းကဏ္ဍကို အသိအမှတ်ပြုပေးခြင်း၊ အားပေးမြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးသင့်သည်ဟု ထင်သည်။ 

 

ထို့အပြင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်သော စာကြည့်တိုက်မှူးများကို အကာအကွယ်ပေးနိုင်သော စာကြည့်တိုက် ဥပဒေတစ်ခုကို ရေးဆွဲပြဋ္ဌာန်းပေးရမည်။ ဤသို့ရေးဆွဲပြဋ္ဌာန်း ရာတွင်လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်ပယ်ကဏ္ဍအသီးသီးမှပုဂ္ဂိုလ်များ၏ အတွေးအမြင်များ၊ အကြံပြုချက် များကိုယူ၍ သင့်လျော်သည့် ဥပဒေတစ်ရပ်ဖြစ်အောင် ဝိုင်းဝန်းရေးဆွဲပေးရမည်။

 

နောက်ဆုံးတစ်ချက်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရန်နှင့် စာကြည့်တိုက်လုပ်ငန်း များတွင် လက်တွဲပူးပေါင်း ပါဝင်လာအောင် ဆောင်ရွက်ရမည်။ ပြည်သူ့စာကြည့်တိုက်များ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရတစ်ခုတည်းကသာ ဆောင်ရွက်ရမည်မဟုတ်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အမှန်တကယ် အောင်မြင်နိုင်မည်ဟု တွေးမိသည်။

 

မည်သို့ပင်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိစဉ်တစ်ခဏ ကျွန်တော်၏ အတွေးပုံရိပ်တွင် ခေတ်မီဆန်းသစ်သော စာကြည့်တိုက်ကြီးများနှင့်သိန်းသောင်းချီသော စာအုပ်၊ စာစောင်များကိုသာ တွယ်ကပ်ငြိပါခဲ့သည်။ အလားတူ စာကြည့်တိုက်များကိုမြန်မာနိုင်ငံတွင်လည်း မျက်မြင်ထင်ရှား မြင်တွေ့ လိုသည့်စိတ်ဆန္ဒများ ပြင်းပြခဲ့သည်။ ဤသို့မြင်တွေ့ရဖို့ဆိုလျှင်တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းကသာ ဆောင်ရွက်ရ မည်မဟုတ်ဘဲ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာ ရနိုင်မည်ဟုလည်း နားလည်ထားသည်။ မည်သည့်အခက်အခဲ၊ မည်သည့်အတားအဆီး ကြုံတွေ့ရပါစေ။ ရှေ့သို့သာ လှမ်းနေရမည်ဟု တွေးမိသည်။ ဤအတွေးမျိုး တွေးမိစဉ်တစ်ခဏ “ရှေ့သို့လှမ်းလျှင်၊ ခြေရာထင်မည်၊ အသင်စိုးရွံ့နေသလော” ဆိုသည့် ဆရာမင်းလူ၏ ကဗျာတစ်ပိုင်း တစ်စက စိတ်ထဲအလိုလိုရောက်လာခဲ့သည်။