ယောဂက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး နေထိုင်ကောင်းစေတဲ့အပြင် အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ သင့်ကိုကောင်းကောင်း အိပ်ပျော်စေမယ့် လေ့ကျင့်ခန်းတစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ ယောဂဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အိပ်ရေးမဝခြင်း၊ အိပ်ရေးပျက်ခြင်းဟာ အန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ။

Primary Insomnia ကိုတော့ ဆေးဝါးကြောင့်မဟုတ်ဘဲ အလိုလို အိပ်မရခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဒုတိယဆင့် အိပ်မရခြင်း (Secondary insomnia) ဆိုတာကတော့ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတစ်ခု သို့မဟုတ် လက္ခဏာတစ်ခုလို့ ဆိုပါတယ်။ ကင်ဆာ၊ arthritis ၊ fibromyalgia နဲ့ စိတ်ကျရောဂါတွေပါ အပါအဝင် ရောဂါအတော်များများဟာ အိပ်မရခြင်းတွေကိုဖြစ်စေပါတယ်။

အချို့သောဆေးဝါးတွေကလည်း secondary insomnia ကိုဖြစ်စေပြီး စွဲလမ်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အိပ်မရခြင်းနဲ့ သိစိတ်ပုံမှန် အလုပ်မလုပ်ခြင်းကြားမှာ ဆက်စပ်မှုတွေ ရှိနေပါတယ်။ gray matter ပျက်စီးခြင်းတောင် ဖြစ်နေနိုင်ပါသေးတယ်။ အိပ်ရေးမဝခြင်းဟာ အသက်အန္တရာယ် ထိခိုက်နိုင်စေပါတယ်။ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော့ နှလုံးထိခိုက်ခြင်း၊ သွေးဖိအားမြင့်ခြင်းနဲ့ အဝလွန်ခြင်းတွေပါ။ ဒါတွေအပြင် ကောင်းကောင်းမအိပ်ခဲ့ရဘဲ အိပ်ရေးမဝဘူးဆိုရင်တော့ ကျန်းမာရေးလည်း ဆုတ်ယုတ်လာပါလိမ့်မယ်။ ပြီးရင် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေရဲ့နောက်မှာတော့ အထက်ဖော်ပြပါ ရောဂါတွေအပါအဝင် အခြားရောဂါတွေပါ ဝင်ရောက်လာနိုင်ပါတယ်။

၂။ အိပ်မရခြင်းအပေါ် ယောဂရဲ့သက်ရောက်မှုတို့ကို လေ့လာခြင်း

စိတ်ကျန်းမာရေးရဲ့ သုတေသနအသစ်တစ်ခုအရ ယောဂဟာ ကာလကြာရှည်အိပ်မရတဲ့သူတွေရဲ့ အိပ်စက်နိုင်စွမ်းကို တိုးတက်လာလစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုက အကြောင်းအမျိုးမျိုးကြောင့် အိပ်မရတဲ့သူတွေကို လေ့လာခဲ့တာဖြစ်ပြီး Primary ရော Secondary ပါဝင်ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့သူတွေကို အနည်းဆုံး ရက်သတ္တပတ် ၈ ပတ်လောက် ယောဂလေ့ကျင့်ခိုင်းခဲ့ပြီး လေ့လာမှုမတိုင်မီ ၂ ပတ်လောက်အလိုမှာ ပါဝင်သူတွေကို သူတို့ရဲ့ အိပ်စက်ခြင်းအတွက် ဒိုင်ယာရီစရေးခိုင်းပြီး လေ့လာမှုပြီးဆုံးသည်ထိ မှတ်တမ်းယူထားခဲ့ပါတယ်။

ဒိုင်ယာရီမှာတော့ အိပ်ချိန်၊ တစ်ညမှာ ဘယ်လောက်နိုးတယ်ဆိုတာနဲ့ နိုးလာပြီး ဘယ်လောက်အကြာမှာ ပြန်အိပ်ပျော်သွားတယ် စတာတွေပါဝင်ပါတယ်။ လေ့လာသူတွေဟာ ဒိုင်ယာရီတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ယောဂက ဘယ်လောက်လွှမ်းမိုးမှု ရှိတယ်ဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီနောက်မှုတော့ အမျိုးမျိုးသော တိုးတက်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီတိုးတက်မှုတွေမှာတော့ အိပ်ပျော်ဖို့ အချိန်ပမာဏ၊ အိပ်စက်နိုင်စွမ်း၊ စုစုပေါင်းအိပ်ချိန်၊ စုစုပေါင်းနိုးချိန်နဲ့ အိပ်ပြီးဘယ်လောက်အကြာမှာ နိုးတယ်ဆိုတာတွေ ပါဝင်ပါတယ်။

၃။ အခြားသော သိပ္ပံပညာရဲ့ သက်သေပြချက်များ

အိပ်မရခြင်းကို ယောဂနဲ့ကုသခြင်းအတွက်တော့ နောက်ထပ်လေ့လာမှုတွေလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ပိုပြီးကောင်းမွန်လာတဲ့ လက္ခဏာတွေကို လေ့လာမှုအများကြီးမှာ တွေ့မြင်နေရပါတယ်။ ဥပမာ ယောဂမှာဆိုရင် ဦးနှောက်ထဲက သွေးကြောတွေကို သွေးတွေပိုပို့နိုင်စေမယ့် ကျင့်စဉ်တွေရှိပါတယ်။

တကယ်လို့များ ဦးနှောက်ကို သွေးလုံလောက်အောင်မပို့နိုင်ရင် အိပ်မရခြင်းတွေဖြစ်ပေါ်စေပါတယ်။ ယောဂကြောင့်ပဲ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာပြီး အိပ်မရခြင်းပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါသည်တွေကလည်း အိပ်စက်ရာမှာ ပိုမိုတိုးတက်ကောင်းမွန်လာတာတွေ၊ ပင်ပန်းတာ သက်သာသွားတာတွေနဲ့ အိပ်ဆေးသောက်ရတာ နည်းသွားတာတွေဟာ တစ်ပတ်ကို ယောဂ ၂ ချိန် လေ့ကျင့်ပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

သွေးဆုံးနေတဲ့ အမျိုးသမီးတွေကလည်း ပုံမှန်ယောဂလေ့ကျင့်တဲ့အခါမှာ သူတို့ရဲ့ လက္ခဏာတွေက သက်သာသွားတယ်လို့ တွေ့ရှိရပါတယ်။ ယောဂကို ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင်တော့ အိပ်စက်ခြင်းစွမ်းရည်ကို လှုံ့ဆော်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

အိပ်မရတဲ့ ရောဂါအတွက် အိပ်ဆေးတွေက အမြဲတမ်း အလုပ်ဖြစ်နေမှာမဟုတ်ပါဘူး။ အကောင်းဆုံးဆေးတွေကို သုံးမယ်ဆိုရင်တောင်မှာ အိပ်မရခြင်းအတွက် ဘဝနေထိုင်မှုပုံစံတွေ ချိန်ညှိဖို့လိုအပ်နေပါသေးတယ်။ ယောဂဟာ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို တည်ဆောင်ပေးနိုင်ပြီး ဒါကပဲ သင့်ကိုကောင်းကောင်း အိပ်ပျော်စေနိုင်မှာပါ။ ပိုပြီးအိပ်ပျော်စေရုံတင်မက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အထိ ကူညီပေးနိုင်ပါလိမ့်မယ်။

 

ရေးသားသူ Wathun Myat Chal

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm တွင်လည်းကောင်း၊ Android ဖုန်းများအတွက် https://play.google.com/store/apps/details?id=com.creative_webstudio.myanmardigitalnews&hl=en တွင်လည်းကောင်း၊ IOS ဖုန်းများအတွက် https://apps.apple.com/us/app/myanmar-digital-news/id1213734616 တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}