လူတွေသိသင့်ပါတယ်၊ မှတ်လည်း မှတ်သားသင့်ပါတယ်။ ပုံသေနည်း (ဖော်မြူလာ)က ရိုးစင်းပါတယ်။ တစ်ဦးတစ်ယောက်အဖို့ ထပ်ကာတလဲလဲ အပျက်သဘောဆောင်တဲ့သတင်းတွေကို ရင်ဆိုင်နေရချိန်၊ ပြင်းထန်တဲ့ဖိအားအပူရှိန်အောက် ကျရောက်နေချိန်မှာ အနိုင်ကျင့်ဖို့လွယ်ကူပြီး ပုံမှန်အထိုးခံနေကျ လက်ဝှေ့အိတ်ငယ်ဖြစ်တဲ့ တတိယကမ္ဘာ့နိုင်ငံငယ်လေးကို အာရုံစိုက်သွားကြအောင် ပစ်မှတ်ထားလိုက်တာပါ။ ဖမ်းဝရမ်းထုတ်ပေးဖို့ဆိုပြီး လျှောက်ထားလိုက်တာက ရိုးရှင်းပါတယ်။ ဒါဟာ သူ့အတွက် အပြုသဘောဆောင်တဲ့ သတင်းအချို့ဖြစ်လာဖို့ အပြောင်းအလဲတစ်ခု လုပ်လိုက်တာပါ။
ထင်ရှားတဲ့ “ဂုဏ်သရေရှိ” တရားလိုပြ “ရှေ့နေ” တစ်ဦးဟာ လောလောဆယ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စွပ်စွဲချက်တွေကို ရင်ဆိုင်နေရပြီး စုံစမ်းစစ်ဆေးခံနေရတယ်။ နာမည်ကျော်ဆွဲချရှေ့နေကြီးခမျာ သူ့လုပ်ရပ်အတွက် စိစစ်ခံနေရတယ်။ စစ်ဆေးခံနေရတယ်။ အမျိုးသမီးတစ်ဦးက တိုင်ကြားလာတဲ့အခါ ထင်ရှားတဲ့ ဆွဲချရှေ့နေကြီးဟာ သူ့ရဲ့အနီးကပ်လုပ်ဖော်ကိုင်ဖက်နဲ့အတူ အဲဒီအမျိုးသမီးကို ပါးစပ်ပိတ်သွားဖို့နဲ့ အသရေဖျက်ဖို့ ရုံးတော်မှာ ကြိုးပမ်းခဲ့ပေမယ့်လည်း သူတို့ရဲ့ ကြိုးပမ်းမှုက အလုပ်မဖြစ်ခဲ့ပါဘူး။
လွတ်လပ်တဲ့ ပြင်ပစုံစမ်းစစ်ဆေးသူတွေ ပါဝင်ခြင်း
သူ့ရဲ့ သမာသမတ်ကျမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေတိုးလာစေတဲ့ အတွင်းပိုင်းကျကျ စုံစမ်းစစ်ဆေးမှုကို ဌာနတွင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ တရားမျှတတဲ့ လုပ်ငန်းစဉ်ဖြစ်စေဖို့ အမှန်တကယ် လွတ်လပ်တဲ့ ပြင်ပစုံစမ်းစစ်ဆေးသူတွေပါဝင်ခြင်းက ပိုကောင်းပါတယ်။ တရားလိုပြ ဆွဲချရှေ့နေကြီးဟာ အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အမှုတွေမှာ သာမန်တုံ့ပြန်မှု ပြုလုပ်သလိုပုံမျိုးနဲ့ ငြင်းဆိုတယ်။ ဒါပေမဲ့ “မီးခိုးရှိရာအရပ်၌ မီးရှိ၏” ဆိုတဲ့ ဆိုရိုးစကားအတိုင်း မပြေးသော်ကန်ရာ ရှိပါလိမ့်မယ်။
အိုး ဟုတ်ပါရဲ့... နာမည်ကျော် “ဆွဲချရှေ့နေကြီး” ရဲ့အတိတ်က အမှုသည်တွေထဲက တစ်ယောက်ဟာ ကမ္ဘာ့နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အာဏာရှင်တွေထဲက တစ်ယောက်ဖြစ်ကြောင်းလည်း လူအပေါင်းတို့ မှတ်ထားကြလိုက်ပါဦး။ ကမ္ဘာပေါ်မှာထူးချွန်တဲ့ “ရှေ့နေ” ဟာ ကမ္ဘာ့နာမည်အဆိုးဆုံး အာဏာရှင်ကြီးရဲ့ လုပ်ခလစာပေးရမယ့်စာရင်းမှာ ဘာကြောင့်ရှိနေတာလဲလို့ သတင်းသမားတွေက မေးခွန်းထုတ်တာကို သူရှောင်တိမ်းခဲ့တယ်။ ဒါတွေအားလုံး Streaming Platform ဒစ်ဂျစ်တယ်အရုပ်နဲ့ အသံတွေကြည့်ရှုနိုင်တဲ့ အထောက်အထားတွေ ရှိတယ်။ ပြည်သူတွေ အဲဒါကိုကြည့်သင့်တယ်။ အဲဒီ လို လူစားတစ်ယောက်ဟာ ခိုင်လုံတဲ့၊ တရားမျှတတဲ့ စီရင်ဆုံးဖြတ်မှုကို ဘယ်လို လုပ်ဆောင်နိုင်မှာလဲ။
အနောက်နိုင်ငံရှိ အန်ကယ်တွေနဲ့ ပတ်သက်လာရင်တော့ သူတို့ဟာ ခက်ခဲတဲ့အခြေအနေတွေကို မတတ်သာဘဲ အောင့်အည်း လက်ခံလေ့ရှိကြတယ်။ နာခံလေ့ရှိကြတယ်။ ခွေးအမြီးကုပ်တဲ့ ပုံမျိုးနဲ့ပါ။
“ဆွဲချရှေ့နေကြီး” ကို အလွန့်အလွန်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံက Persona Non Grata (PNG)လို့ ကြေညာခဲ့ပြီး နိုင်ငံအတွင်းသို့ လုံးဝဝင်ရောက်ခွင့်မပြုခဲ့တာကိုလည်း မမေ့လိုက်ကြနဲ့ဦး။ အဲဒီအခြေအနေကိုလည်း သူတို့အောင့်အည်း လက်ခံခဲ့ကြတယ်။ မလွှဲသာမရှောင်သာ ညည်းညူနိုင်စွမ်းပင်မရှိဘဲ ကြိတ်မှိတ် လက်ခံခဲ့ကြတယ်။ အခုမြန်မာလိုနိုင်ငံမျိုးမှာတော့ သူတို့ရဲ့အပြုအမူက အလွန်ကွဲပြားပေလိမ့်မယ်။ ပြင်းပြင်းထန်ထန် လုပ်ပြကြပေလိမ့်မယ်။ “မီးဖိုချောင်ထွက် ခွက်စုတ်မျိုးစုံ၊ အမှိုက်သရိုက်မျိုးစုံကို တစ်နေရာတည်းမှာပုံချ” သလို အောက်လမ်းနည်းမျိုးစုံသုံးပြီး နိုင်ငံငယ်အပေါ် ပုံချကြတော့တာပါပဲ။
မကြာသေးမီကတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု စုံစမ်းစစ်ဆေးမှုသတင်းမှလွဲ၍ အမှန်တကယ်ကောင်းမွန်တဲ့ သတင်းမရှိချိန်မှာ အလွန့်အလွန်အင်အားကြီးနိုင်ငံက ကာကွယ်ပေးထားတဲ့ နိုင်ငံတစ်ခုရဲ့ အစိုးရခေါင်းဆောင် တစ်ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုနဲ့ ရှုပ်ထွေးမှုကို တိုးစေခဲ့
ဒီလှုပ်ရှားဆောင်ရွက်ချက်က ဆိုးဆိုးရွားရွားအကျိုးသက်ရောက်စေပြီး ရည်ရွယ်ထားတဲ့အရာရဲ့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဆိုးကျိုးတွေကို တန်ပြန်ဖြစ်စေခဲ့တယ်။ ယင်းဝရမ်းတွေကို အရေးယူမှာမဟုတ်ဘူးလို့ တစ်ဖက်က တုံ့ပြန်ခဲ့တယ်။ ရလဒ်အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုနဲ့ရှုပ်ထွေးမှုကို တိုးစေခဲ့တယ်။ တင်းမာမှုတွေအများကြီး ဖြစ်စေပါတယ်။ သက်ဆိုင်ရာ အင်အားကြီးနိုင်ငံမှ ဩဇာကြီးတဲ့ လွှတ်တော်အမတ် တစ်ဦးက ဖမ်းဝရမ်းထုတ်ဖို့လုပ်ခဲ့ကြတဲ့ ရှေ့နေတွေ အခြေပြုထားတဲ့နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ဖို့ပင် ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဒီလိုဖိအားတွေနဲ့ ရန်လိုမှုတွေရှိနေပေမယ့် သက်ဆိုင်ရာနိုင်ငံက တုံ့ပြန်ခြင်းမပြုဘဲ ငြိမ်နေခဲ့တယ်။ ခက်ခဲတဲ့ အခြေအနေတစ်ခုကို မကျေနပ်ပေမယ့် လက်ခံခဲ့ရတယ်။ ဒီအခါမှာတော့ ရှေ့နေဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ကြမ်းပြင်ပေါ်မေးကလေးချပြီး လိမ္မာပြခဲ့ကြတယ်။ သူတို့ရဲ့ အန်ကယ်ကြီးတွေကို ရင်ဆိုင်ဖို့ သတ္တိမရှိကြဘူးလေ။
သူတို့ရဲ့ အနောက်မဟာမိတ် “အန်ကယ်တွေ” ကို ကျေနပ်စေဖို့ အရှေ့ဥရောပမှာ ပဋိပက္ခစတင် ပြီးနောက် မကြာမီမှာပဲ ဖမ်းဝရမ်းထုတ်ဖို့ သူတို့ ပျာပျာသလဲ လုပ်ခဲ့ကြတယ်။ ဒီနည်းဗျူဟာလည်း အရာမရောက်ပါဘူး။ ပဋိပက္ခ အဆုံးသတ်အောင်လုပ်ဆောင်မယ့် အရေးကြီးသူကို ဖမ်းဝရမ်းထုတ်ခြင်းဟာ ဦးနှောက်မပါတဲ့ သူတွေသာလုပ်မယ့် မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်။
သူတို့ဟာ လက်မရွံ့ဆွဲချများပီပီ ဖမ်းဝရမ်းထုတ်ဖို့ တက်သုတ်ရိုက် အမြန်လုပ်တတ်ကြပေမယ့် အမှန်တကယ် ဖမ်းနိုင်တဲ့ သူတို့ရဲ့ မှတ်တမ်းတွေကတော့ ညံ့ဖျင်းပါတယ်။ ဥပမာအားဖြင့် စစ်ကြောင့်ပျက်စီးနေတဲ့ အာဖရိကနိုင်ငံတစ်နိုင်ငံက သမ္မတဟောင်းတစ်ဦးကို ၂၀၀၉ ခုနှစ်မှာ ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့်လည်း သူဟာ သူ့နိုင်ငံမှာ ရှိနေတုန်းပါပဲ။ တရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ဖမ်းဆီးနိုင်မှုမှတ်တမ်းလို့ခေါ်တဲ့ မှတ်တမ်းကို အွန်လိုင်းမှာ ကြည့်သင့်ကြပါတယ်။
“တရားရုံး” ဟာ မွန်မြတ်တဲ့အခြေခံမူတွေနဲ့ တည်ထောင်ခဲ့တာဖြစ်ပေမယ့် အခုအခါမှာတော့ တက်ကြွ လှုပ်ရှားသူတွေရဲ့ အဖွဲ့အစည်းတစ်ခုလို ဖြစ်လာပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ၎င်းတို့ကိုယ်၎င်းတို့ အလုံးစုံသော တန်ခိုးရှင်တွေဖြစ်တဲ့ပုံ အထင်ရောက်နေကြပြီး ဒီမိုကရေစီကို အတောမသတ်ဟောပြော နေကြပေမယ့်လည်း စစ်မှန်တဲ့ ဒီမိုကရေစီ အသုံးအနှုန်းအရ သူတို့ကို ကမ္ဘာ့ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားတာ မဟုတ်ပါဘူး။ သူတို့ကို ဂလိုဘယ်ဝါဒီတွေရဲ့အုပ်စုက ခန့်အပ်ထားတာဖြစ်ပြီး တစ်ယောက်အကြောင်း တစ်ယောက်သိနေကြတဲ့ အဝန်းအဝိုင်းသေးသေးလေးပါ။
ဒီသွေးကြီးမောက်မာ မာန်တက်နေတဲ့ လူတွေ အကြောင်းကို စုံစမ်းဖော်ထုတ်သူ သတင်းသမားတွေက ပိုမိုနက်ရှိုင်းစွာ စုံစမ်းဖော်ထုတ်ပေးကြစေလိုပါတယ်။ သူတို့ရဲ့ အမှုသည်ဟောင်းတွေအကြောင်း၊ သူတို့ရဲ့ ခရီးသွားလာမှုနဲ့ သူတို့ရဲ့ ခရီးသွားစရိတ်တွေကို ဘယ်လိုကျခံတဲ့အကြောင်း စတာတွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ကြည့်ရင် သူတို့ရဲ့ အဂတိမှုတွေ၊ ရာထူးအာဏာအလွဲသုံးမှုတွေကို အစုံအလင် ဘွားခနဲ တွေ့ရပါမယ်။ သူတို့ရဲ့ ပြစ်ချက်တွေကို သူတို့ကိုယ်တိုင် ရင်ဆိုင်မဖြေရှင်းဘဲ ထွက်ပြေးသွား ကြမယ့်သူတွေပါပဲ။ ။
(၄-၁၂-၂၀၂၄ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ ဆောင်းပါးရှင် ကျော်မြင့်ထွန်း (ပါရီ) ၏ The Court ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။)