၉ အောက်တိုဘာ
ကွင်းလယ်လူ အိုဇေးလ်ကိုယ်တိုင်က အာဆင်နယ်အတွက် ကစားပေးလိုစိတ်မရှိခဲ့လို့ ယူရိုပါလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ အာဆင်နယ်အသင်း နည်းစနစ် ဒါရိုက်တာ အီဒူးက ဆိုပါတယ်။
အိုဇေးလိုပဲ ဆိုကရေးတစ်ကလည်း အသင်းလူစာရင်းက ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ လတ်တလောမှာ လူပြောအများဆုံး ဖြစ်နေတဲ့ အိုဇေးလ်တစ်ယောက် အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်လူစာရင်းမှာ ချန်လှပ်ခံရတာနဲ့ ပတ်သတ်ပြီး အီဒူးက နည်းပြ အတီတာနဲ့ ကစားသမားတွေ မျက်နှာချင်းဆိုင် ဆွေးနွေးပြီးမှ ဒီလူစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကစားသမားတွေကိုယ်တိုင်က အာဆင်နယ် အသင်းအတွက် ကစားပေးလိုစိတ်မရှိခဲ့ကြခြင်းက အဓိကအကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ရဲ့ စည်းမျဉ်းအရ ကလပ်အသင်းတစ်သင်းဟာ ဥရောပအဆင့် ပြိုင်ပွဲတွေအတွင်း နိုင်ငံခြားသား ကစားသမား ၁၇ ဦးသာ ခွင့်ပြုထားတာကြောင့် အသင်းလူစာရင်းကို အတည်ပြုဖို့ နည်းပြက ကစားသမားတွေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အိုဇေးလ်ကတော့ လက်ရှိ အာဆင်နယ်အသင်းရဲ့ လစာအများဆုံး ရရှိနေတဲ့ ကစားသမားဖြစ်ပြီး တစ်ပတ် လုပ်ခပေါင် ၃၅၀၀၀၀ တစ်လပေါင် ၁ ဒသမ ၅ သန်းနဲ့ တစ်နှစ် လုပ်ခပေါင် ၁၈ သန်းရရှိနေတဲ့ ကစားသမားဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေသူ လည်း ဖြစ်ပါတယ်။ အိုဇေးလ်ဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားဖြစ်ပြီး ကျောနံပါတ် (၁၀) ဝတ် ကစားသမားတွေ ကစားလေ့ရှိတဲ့ ကွင်းလယ်ဖန်တီးရှင်အနေနဲ့ အကောင်းဆုံး ကစားနိုင်သူဖြစ်ပြီး ဇီဒန်းလက်သစ်ရယ်လို့ နာမည်ကြီးခဲ့သူဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ အာဆင်နယ်မှာ မရေရာ မသေချာမှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
မေလဲ့သင်း