နေပြည်တော် ၂၇ နိုဝင်ဘာ
အိုဇုန်းလွှာ ထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များ အသိပညာပေး ဟောပြောပွဲနှင့် ရေခဲသေတ္တာ၊လေအေးပေးစက်ဆိုင်ရာ လုပ်ငန်းရှင်များအတွက် နည်းပညာဆိုင်ရာ သင်တန်းအလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွန်းက မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ နိုင်ငံအတွင်းတင်သွင်းခြင်း၊ အသုံးပြုခြင်းများကို အခြားကမ္ဘာ့နိုင်ငံများ နည်းတူ ထိန်းချုပ် ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် အချက်လက် များကို ပြည်သူလူထုထံ တိုက်ရိုက် အသိပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လေအေးပေးစက်နှင့်ပတ်သက်သော စက်မှုလုပ်ငန်းရှင်များအသင်း(နေပြည်တော်) ဥက္ကဌ ဦးနေမျိုးဦး က လက်ရှိ ဈေးကွက်အတွင်းရှိ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများနှင့် အစားထိုး ဒြပ်ပစ္စည်းများ သုံးစွဲမှုအခြေအနေနှင့် ၎င်းဒြပ်ပစ္စည်းများအသုံးပြုသည့် စက်ပစ္စည်းများ၏ ဈေးကွက် အခြေအနေတို့ကို လည်းကောင်း ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသူဇာဝင်းနှင့် စက်မှု ဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ပပစိုး တို့က အိုဇုန်းလွှာ ပျက်စီးစေသောဒြပ်ပစ္စည်းများဆိုင်ရာ မြန်မာနိုင်ငံ၏ ဆောင်ရွက် ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ဆက်လက်၍ ရေခဲသေတ္တာ၊ လေအေးပေးစက်ဆိုင်ရာ လုပ်ငန်းရှင်များအတွက် နည်းပညာ ဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကျင်းပရာ စက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းသား(၃၀)ဦးတို့အား (၂)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှားကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (၁၉၈၅) အိုဇုန်းလွှာ ပျက်စီး စေသောဒြပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီယယ်သဘောတူညီချက်နှင့် နောက်ဆက်တွဲ ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာကာကွယ်ရေးနှင့် အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို အခြားကမ္ဘာ့ နိုင်ငံများနှင့် အတူ ပူးပေါင်းအကောင် အထည် ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ရွှေကုက္ကို)