အိုလံပစ် အမျိုးသမီးဒုတိယအဆင့် ခြေစစ်ပွဲ ဧပြီ ၃ ရက် စတင်ကျင်းပမည်

၁ မတ်

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲများကို ဧပြီ ၃ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။ 

 

ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (က) ၌ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားတို့နှင့် ကျရောက်နေသည်။ အုပ်စုတစ်ခုစီအတွက် အိမ်ရှင်နိုင်ငံများသတ်မှတ်ထားကာ မြန်မာအသင်းပါဝင်သည့် အုပ်စု (က) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်ကာ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းနှင့် ဗထူးကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

 

ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုပွဲများကို နှစ်ရက်ခြားကစားမည်ဖြစ်ပြီး ဧပြီ ၃ ရက် ညနေ ၃ နာရီတွင် အိန္ဒိယနှင့် အင်ဒိုနီးရှား၊ ညနေ ၆ နာရီတွင် မြန်မာနှင့် နီပေါ၊ ဧပြီ ၆ ရက် ညနေ ၃ နာရီတွင် အိန္ဒိယနှင့် နီပေါ၊ ညနေ ၆ နာရီတွင် မြန်မာနှင့် အင်ဒိုနီးရှား၊ ဧပြီ ၉ ရက် ညနေ ၃ နာရီခွဲတွင် မြန်မာနှင့် အိန္ဒိယ၊ နီပေါနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ 

 

အုပ်စုပွဲများကို မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးပွဲကို တစ်ချိန်တည်း ကစားရမည်ဖြစ်သောကြောင့် ဗထူးကွင်း၌ပါ ကျင်းပရခြင်းဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းပွဲကို မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရသည့် တစ်သင်းစီသာ တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲပထမအဆင့်တွင် တွေ့ဆုံခဲ့သည့် နီပေါ၊ အိန္ဒိယတို့နှင့် ထပ်မံတွေ့ဆုံနေပြီး တတိယအဆင့်သို့ တက်ရောက်ရန် ရေပန်းစားလျက်ရှိသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ယင်းခြေစစ်ပွဲတွင် ဒီဇင်ဘာ ၁၇ ရက်ကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် Hero Gold Cup ပြိုင်ပွဲ ယှဉ်ပြိုင်ရာ ချန်ပီယံဆုရခဲ့သည်။ ထို့ပြင် မတ် ၂၁၊ ၂၃ ရက်က ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်