၃ ဖေဖော်ဝါရီ


၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (က) ပထမနေ့ကို ယနေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအမျိုးသမီးအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။ 

 

မြန်မာအမျိုးသမီးအသင်းသည် အဖွင့်ပွဲတွင် အာရှထိပ်သီး တောင်ကိုရီးယားအသင်းနှင့် တွေ့ဆုံခဲ့ပြီး ခုနစ်ဂိုးပြတ်အရေးနိမ့်ခဲ့သည်။


မြန်မာအမျိုးသမီးအသင်းသည် အာရှထိပ်သီး တောင်ကိုရီးယားအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိသောကြောင့် ပေးဂိုးနည်းရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးပြတ်အရေးနိမ့်ခဲ့ရသည်။ တောင်ကိုရီးယားအသင်းမှာမူ မြန်မာအသင်းထက်
ဘောလုံးပညာရော ကစားသမားပိုင်းပါ အသာရသောကြောင့် အဖွင့်ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


မြန်မာအမျိုးသမီးအသင်းသည် မြဖူးငုံ (ဂိုး)၊ အိရတနာဖြိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ခိုင်သဇင်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ နုနု၊ ဂျူလိုင်ကျော်၊ ခင်မိုးဝေ၊ ရီရီဦးတို့ဖြင့် ပွဲထွက်ခဲ့ပြီး အဓိကကစားသမား ဝင်းသိဂီထွန်းမှာမူ ဒဏ်ရာပြသာနာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ တောင်ကိုရီးယားအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး လေးမိနစ်မှာပင် ပယ်နယ်တီရခဲ့သောကြောင့် မြန်မာအသင်း ပိုမိုခက်ခဲသွားခဲ့သည်။ မြန်မာအသင်းသည် ယင်းပယ်
နယ်တီကို ခွင့်ပြုခဲ့ရသော်လည်း မိနစ် ၃၀ ကျော် ဂိုးထပ်မပေးရရန် ကစားနိုင်ခဲ့ပြီး ၃၆ မိနစ်မှ ဒုတိယဂိုးထပ်ပေးခဲ့ရသည်။ ဒုတိယပိုင်းအစတွင် တောင်ကိုရီးယားအသင်းက မြန်မာအသင်း ခံစစ်ဟာကွက်များကို အသုံးချကာ ၅၁၊ ၅၂ မိနစ်တွင် နှစ်ဂိုးဆက်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း တောင်ကိုရီးယားအသင်းက ဖိကစားကာ ၇၀၊ ၈၁၊ ၈၉ မိနစ်တွင် ဂိုးများထပ်သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် ခုနစ်ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၆ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲမှာ နောက်ဆုံးအဆင့် ခြေစစ်ပွဲတက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ပွဲလည်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ