၂၉ ဇန်နဝါရီ

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၀ တိုကျိုအိုလံပစ် တတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် အပြီးသတ် ကစားသမား ၂၀ ရွေးချယ်လိုက်ပြီ ဖြစ်သည်။

 

ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူနှင့် ယာယီနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြအဖြစ် ဦးခင်မောင်ထွေး၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား- မြဖူးငုံ (အား/ကာသိပ္ပံ)၊ မေဇင်နွယ်၊ သန္တာဦး(မြဝတီ)၊ နောက်တန်း- ချစ်ချစ် (သစ္စာအားမာန်)၊ ခင်မျိုးဝင်း၊ အိရတနာဖြိုး (အား/ကာသိပ္ပံ)၊ ခိုင်သဇင်၊ အေးအေးမိုး (မြဝတီ)၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး (YREO)၊ အလယ်တန်း- ခင်မာလာထွန်း၊ သင်းသင်းယု၊ နုနု (အား/ကာသိပ္ပံ)၊ ခင်မိုမိုထွန်း၊ ငယ်ငယ်ထွေး (သစ္စာအားမာန်)၊ ရှေ့တန်း- ဝင်းသိဂီထွန်း (မြဝတီ)၊ ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ ရီရီဦး (အား/ကာသိပ္ပံ)နှင့် မြတ်နိုးခင် (YREO) တို့ ပါဝင်ကြသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဇန်နဝါရီ ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲများ ကစားပြီးနောက် အပြီးသတ်ကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်းခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၂၁ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး နောက်ဆုံးပြင်ဆင်မှုအဖြစ် ထိုင်းအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ပဏာမကစားသမား ၂၆ ဦးမှ ခြောက်ဦးလျှော့ချခဲ့ပြီး ခင်သန်းဝေ၊ ဝေဝေအောင်၊ ဇူးလတ်နဒီ၊ မိုးမိုးသန်း၊ လင်းမြင့်မိုရ်နှင့် နော်ထက်ထက်ဝေတို့ ချန်လှပ်ခံခဲ့ရသည်။

 

အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က)တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု (ခ)တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။

 

မြန်မာအသင်း ပါဝင်သည့် အုပ်စု (က)ပွဲစဉ်များကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်