အိုလံပစ်အားကစားပွဲအတွက် ရောင်းချထားသည့် ပွဲကြည့်လက်မှတ်များ၏ ၁၈ ရာခိုင်နှုန်း ငွေပြန်အမ်းမည်

တိုကျို    ၅  ဒီဇင်ဘာ

ဂျပန်နိုင်ငံအတွင်း၌ ရောင်းချထားသည့်အိုလံပစ်အားကစား ပွဲလက်မှတ်များ၏ ၁၈ ရာခိုင်နှုန်းကို ငွေပြန်အမ်းပေးမည် ဖြစ်ကြောင်း ၂၀၂၀ တိုကျို အိုလံပစ်အားကစားပွဲဖြစ်မြောက် ရေးကော်မတီက ဒီဇင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။

ဂျပန်ဈေးကွက်အတွက် ရောင်းချခဲ့သည့် ပွဲကြည့်လက်မှတ်စောင်ရေ ၄ ဒသမ ၄၅ သန်းအနက် စောင်ရေ ၈၁၀၀၀၀ ခန့်အတွက် ငွေပြန်အမ်းပေးရန် ၂၀၂၀ တိုကျို အိုလံပစ်အားကစားပွဲကော်မတီသို့ တောင်းဆိုမှုများကို နိုဝင်ဘာ ၁၁မှ နိုဝင်ဘာ ၃၀ ရက်အထိလက်ခံရရှိခဲ့ကြောင်း ကျိုဒိုသတင်းအေဂျင်စီက ဖော်ပြသည်။

ပြန်အမ်းငွေထုတ်ပေးသည့် မူဝါဒအရ ပွဲစီစဉ်သူများ အနေဖြင့် တရားဝင်ဝက်ဘ်ဆိုက်များမှ ဝယ်ယူခဲ့သည့် လက်မှတ်များအတွက်သာ ငွေပြန်အမ်းရန်လက်ခံမည်ဖြစ်ပြီး ဂျပန်နိုင်ငံပြင်ပမှ ဝယ်ယူသည့် လက်မှတ်များ အတွက် ငွေပြန်အမ်းမည် မဟုတ်ကြောင်း သိရသည်။

တိုကျိုအိုလံပစ်အားကစားပွဲလက်မှတ်များကို နိုင်ငံရပ်ခြားရှိ ပွဲကြည့်ပရိသတ်များသို့ လက်မှတ်စောင်ရေ တစ်သန်းကျော်အထိ ရောင်းချခဲ့ရကြောင်း သိရသည်။ တိုကျို ၂၀၂၀ အားကစားပွဲဖြစ်မြောက်ရေးကော်မတီက ငွေပြန်အမ်းလိုက်သည့် လက်မှတ်များကို နောင်တွင် ပြန်လည်ရောင်းချရန် စဉ်းစားထားကြောင်း ပြောကြား ခဲ့သည်။

သို့ရာတွင် ပွဲစီစဉ်သူများအနေဖြင့် ဂျပန်နိုင်ငံအတွင်းမှ ပရိသတ်များနှင့် ပြည်ပမှ ပွဲကြည့်ပရိသတ်များ၏ အရေအတွက် ပွဲကြည့်ပရိသတ်အရေအတွက် မည်မျှအထိကို လာမည့်နှစ် တိုကျိုအိုလံပစ်အားကစားပွဲတွင် ကြည့်ရှုအားပေးခွင့်ပြုမည်ကို ဆုံးဖြတ်ရခြင်း မရှိသေးပေ။

၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိ ကျင်းပရန် အစီအစဉ်ရေးဆွဲထားသည့် အိုလံပစ်အားကစား ပွဲများကို ကြည့်ရှုအားပေးရန် ပွဲကြည့်ပရိသတ်အရေအတွက်ကို အသင့်အတင့်သာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌသောမတ်စ်ဘတ်ချ်က ပြောကြားခဲ့သည်။

ဆင်ဟွာ