အိုလံပစ်အမျိုးသားဘောလုံးပွဲစဉ်တွင် ပြင်သစ်က တောင်အာဖရိကကို အနိုင်ရ

ဇူလိုင် ၂၆

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေသည့် အိုလံပစ် ပြိုင်ပွဲမှာ ပြင်သစ်အသင်းဟာ အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ ဒုတိယပွဲစဉ်အဖြစ် တောင်အာဖရိက အသင်းနဲ့ ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက တောင်အာဖရိကအသင်းကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅၇ မိနစ်၊ ၇၈ မိနစ်နဲ့ ၈၆ မိနစ်တို့မှာ တိုက်စစ်မှူး ဂစ်နက်က ဟက်ထရစ်ဂိုးသွင်း ယူပေးနိုင်ခဲ့ပြီး နာကျင်အချိန်မှာ ဆာဗန်နီယာက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တောင်အာဖရိကအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၅၃ မိနစ်မှာ ကိုဒစ်ဆန်၊ ၇၂ မိနစ်မှာ မာဂိုပါနဲ့ ၈၁ မိနစ်မှာ မိုကိုနာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်း အတွက်ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂစ်နက်ဟာ လက်ရှိမှာ မက္ကဆီကိုကလပ်တိုက်ဂရက်စ် အသင်းမှာ ပါဝင်ကစားလျက်ရှိပြီး လက်ရှိတိုကျို အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာ သွင်းဂိုးလေးဂိုးနဲ့ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အခြားသော တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲစဉ်တွေမှာတော့ ဘရာဇီးအသင်းနဲ့ အိုင်ဗရီကို့စ်အသင်းတို့ ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဟွန်ဒူးရပ်စ်အသင်းနဲ့ နယူးဇီလန် အသင်းတို့ပွဲစဉ်မှာ ဟွန်ဒူးရပ်စ်အသင်းက နယူး ဇီလန်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ အီဂျစ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက အီဂျစ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ စပိန်အသင်းနဲ့ ဩစတြေးလျအသင်းတို့ပွဲစဉ်မှာ စပိန် အသင်းက တစ်ဂိုး-ဂိုးမရှိ အသီးသီးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်