အိုလံပစ်ခြေစစ်ပွဲမတိုင်မီ မြန်မာအမျိုးသမီးအသင်း ပြည်တွင်းခြေစမ်းပွဲများ ကစားလျက်ရှိ

နေပြည်တော်  ၂၈ မတ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိပြီး ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် မတ် ၂၁၊ ၂၃ ရက်က ဗီယက်နမ် လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပြီး ယင်းပွဲမှ လိုအပ်ချက်များ၊ အားနည်းချက်များကို ခြေစစ်ပွဲမတိုင်မီ ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် မတ် ၂၇ ရက်က မန္တလေးမြို့မှ ကြယ်စင်စု အမျိုးသားအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် မတ် ၃၁ ရက်တွင် မန္တလေးမြို့မှ နည်းပြဆရာများနှင့် ခြေစမ်းပွဲ ထပ်မံကစားမည်ဖြစ်ပြီး ယင်းပွဲအပြီးတွင် ခြေစစ်ပွဲကစားမည့် အပြီးသတ်ကစားသမား ၂၀ ကို ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ 

မြန်မာအမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာကတည်းက ပြင်ဆင်ခဲ့ပြီး ဖေဖော်ဝါရီတွင် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရာ ချန်ပီယံဆုရခဲ့သလို မတ်လတွင်လည်း ဗီယက်နမ်လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်ကို ပထမပွဲတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သော်လည်း ဒုတိယပွဲတွင် သုံးဂိုး-နှစ်ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲကို ဧပြီ ၃ ရက်မှ ၉ ရက်အထိ မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ပြီး အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်