ရန်ကုန် ဇွန် ၁
အိုလံပစ်နေ့အထိမ်းအမှတ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဖလား Gym ပေါင်းစုံ ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် သုံးချီပွဲ၊ ၃ မိနစ်ထိုး ၂ မိနစ်နား တွဲဆိုင်း ၁၄ ဆိုင်း ယှဉ်ပြိုင်ထိုးသတ် ကြရာ နိုင်ပွဲရှစ်ပွဲ၊ သရေပွဲခြောက်ပွဲကျခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်လွင်နှင့် အလုပ်အမှုဆောင်များ၊ လက်ဝှေ့ဝါသနာရှင်များ ကြည့်ရှုအားပေးကြပြီး အားကစား သမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
အဖွဲ့ချုပ်ဖလား Gym ပေါင်းစုံပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်ကစားသမား များ ပေါ်ထွန်းရေး၊ ရိုးရာလက်ဝှေ့၏ အနှစ် သာရအား ပေါ်ထွန်းရေး၊ အပျော်တမ်းဖြစ်စေ ဝါသနာအရဖြစ်စေ ရိုးရာလက်ဝှေ့ ကြိုးဝိုင်း အတွင်းသို့ ဝင်ရောက်မကစားဖူးသူများ ပွဲရရှိစေရေး၊ Gym များအနေဖြင့် ရိုးရာလက်ဝှေ့အား ပိုမိုအားစိုက်၍ ရိုးရာလက်ဝှေ့ကစားသမားများ ပေါ်ထွက်လာစေရန်ဖြစ်သည့်အတွက် ပထမ ဦးစားပေးအနေဖြင့် တစ်ပွဲမျှ ကစားဖူးခြင်းမရှိသူများ၊ ဒုတိယအနေဖြင့် တစ်ပွဲကစားဖူးသူ၊ နှစ်ပွဲကစားဖူးသူများကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ ပါဝင်ကြသည့် Gym များအနေဖြင့် နိုင်ပွဲသုံးမှတ် သရေတစ်မှတ် ရရှိမည်ဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးပွဲတွင် လစဉ်ရခဲ့သော ရမှတ်အလိုက် အများဆုံး ရမှတ်ရရှိသော Gym အား အဖွဲ့ချုပ်ဖလား ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အာကာစိုး