နယူးဒေလီ ဒီဇင်ဘာ ၁၃
အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ၊ မရှိ အချိန် ၂ နာရီအတွင်း သိရှိနိုင်မည့် ရောဂါစမ်းသပ်ရေး ကိရိယာအား အိန္ဒိယနိုင်ငံရှိ ဆေးသိပ္ပံ ပညာရှင်များက ထုတ်လုပ်လိုက်ကြောင်း အိန္ဒိယ ဆေးပညာသုတေသနကောင်စီ၏ ပြောကြားချက်ကို ကိုးကား၍ ယမန်နေ့က မီဒီယာများတွင် ထုတ်ပြန်သည်။
အဆိုပါ ကိရိယာအား အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆေးသုတေသနစင်တာမှ ဆေးသိပ္ပံပညာရှင်များက တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်စစ်ဆေးသည့် ကိရိယာအား ယခုကဲ့သို့ပညာရှင်များက တီထွင်ထုတ်လုပ်နိုင်ခြင်းသည် အရေးပါသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ သာမန်အားဖြင့် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ ရောဂါပိုး၏ မျိုးရိုးဗီဇ စစ်ဆေးခြင်းနည်းဖြင့် ရောဂါရှာဖွေ စစ်ဆေးမည်ဆိုပါက ငါးရက်ခန့် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင် အကြီးအကဲ ဒေါက်တာ ဘက်စဝါရိုတီ ဘော်ကာကိုတီက ပြောကြားသည်။ ထို့ပြင် အဆိုပါရောဂါ စမ်းသပ်စစ်ဆေးသည့်ကိရိယာ၏ စစ်ဆေးချက် ရလဒ်သည်ရာခိုင်နှုန်းပြည့် မှန်ကန်မှုရှိကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံ၏ ပြည်နယ်အများအပြား၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိနေရသည့် လက်ရှိအချိန်၌ ၎င်းကိရိယာအား တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ချန်ဒါဂတ်ပြည်နယ်၊ အန်ဒရာပရာဒေ့ရ်ပြည်နယ်နှင့် ကာနာတာကာပြည်နယ်များ၌ ယနေ့တွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးဦးကို တွေ့ရှိရသောကြောင့် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ကူးစက်ခံရသူ ၃၆ ဦးရှိလာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ