အိုင်အက်စ် မိဘတွေက ပေါက်ဖွားလာတဲ့ ကလေးတွေအတွက် မသေချာတဲ့ အိမ်ပြန်လမ်း

ခြူးစန္ဒီနွေး

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မိဘလုပ်သူတွေဟာ အိုင်အက်စ်အဖွဲ့နဲ့ ပူးပေါင်းဖို့အတွက် ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတို့ကို စွန့်ခွာခဲ့ပြီးတဲ့နောက်မှာတော့ ကလေး ၁၈ ယောက်ဟာ ဆီးရီးယားမှာရှိတဲ့ ဒုက္ခသည်စခန်းကို ရောက်သွားပါတော့တယ်။

ဒုက္ခသည်စခန်းမှာ သောင်တင်

မကြာသေးခင်ကတော့ အဲဒီကလေးတွေဟာ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်တို့မှာ ဘဝသစ်ပြန်စဖို့ အခွင့်အရေးရခဲ့ပါတယ်။ အစွန်းရောက်တွေရဲ့ သား သမီးတွေကို လက်ခံပေးဖို့ မလိုလားကြတဲ့ ဥရောပ နိုင်ငံတွေကြားမှာတော့ ဒီသတင်းစကားဟာ အထူးအာရုံစူးစိုက်မှု ရလျက်ရှိပါတယ်။ ဥရောပကနေ အိုင်အက်စ်တို့နဲ့ ပူးပေါင်းဖို့ ထွက်သွားကြတဲ့ လူတွေရဲ့ သားသမီး ၁၃၀ဝ ကျော်ဟာ အခုအခါ မှာတော့ ဆီးရီးယားက ဒုက္ခသည်စခန်းမှာ သောင်တင်လျက်ရှိပါတယ်။ အချို့သော ဥရောပ နိုင်ငံတွေက အစိုးရတွေဟာ ဒီကလေးတွေကို ပြန်လည်လက်ခံပေးဖို့ သဘောထားပျော့ပျောင်း လာပေမယ့် ဘယ်အချိန်ကျမှ ပြန်လက်ခံမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

မိဘမဲ့တွေကိုသာ ပြန်လည်ခေါ်ယူ

လပေါင်းများစွာကြာအောင် စေ့စပ်ညှိနှိုင်းမှု၊ စိစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ကလေး ၁၈ ယောက်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါဟာ ဥရောပနိုင်ငံတွေမှာ ဒီလိုမျိုးကလေးတွေကို ပြန်ပြီး လက်ခံပေးဖို့ ဆန့်ကျင်မှုတွေ ဘယ်လောက်တောင် ရှိနေသေးသလဲဆိုတာကို ပြသလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကတော့ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ဟာ အစွန်းရောက်မိဘတွေ လုံးဝသေသွားပြီလို့ သက်သေပြနိုင်တဲ့ ကလေးတွေ၊ အထူးသဖြင့် မိဘမဲ့တွေကိုသာပြန်ပြီး လက်ခံပေးခဲ့ပါတယ်။ ဖခင်လုပ်သူက ကလေးကို အိုင်အက်စ်နယ်မြေအတွင်း ခေါ်သွားခဲ့ပြီး ဥရောပတိုင်းပြည်တွေမှာ မိခင်ရင်းဖြစ်သူ ကျန်ရစ်ခဲ့တဲ့ဖြစ်ရပ်မျိုး အတွက်ဆိုရင်တော့ ခေါ်ဆောင်သွားတဲ့ ဖခင်သေသွားတာသေချာပြီဆိုရင် ကလေးကို ပြန်ခေါ်ပေးပါတယ်။

ပြန်လာချင်ပြီ

အစောပိုင်းနေ့ရက်တွေတုန်းက ဘယ်လ်ဂျီယံ ဆေးအဖွဲ့ဟာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အယ်လ်ဟိုဒုက္ခသည်စခန်းမှာ ဆေးခန်းဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီစခန်းမှာ အိုင်အက်စ်အဖွဲ့ရဲ့ နောက်လိုက်ဟောင်းတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ အများဆုံးနေထိုင်ကြပါတယ်။ ဘယ်လ်ဂျီယံ ဆေးအဖွဲ့ကတော့ အဲဒီစခန်းမှာ ဆေးကုသမှုတွေ ပြုလုပ်ပေးပြီး ဘယ်လ်ဂျီယံ နိုင်ငံသားကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးအကဲဖြတ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံသား ကလေးတွေကတော့ ဘယ်လ်ဂျီယံနိုင်ငံကို ပြန်လာချင်ပြီလို့ ဆေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟိုင်ဒီဒီပေါလ်က ပြောပါတယ်။

အရွယ်ရောက်ပြီးသူတွေ လက်မခံ

ဒါပေမယ့် မစ္စဒီပေါလ်အတွက်ကတော့ ကလေးတွေကို မျှော်လင့်ချက်အနည်းငယ်သာ ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကလေး တွေဟာ မိဘမဲ့တွေမဟုတ်ကြပါဘူး။ အနည်းဆုံးမိခင် သို့မဟုတ် ဖခင် တစ်ဦးစီ အသက်ရှင်ကျန် နေကြပါသေးတယ်။ နောက်ပြီးတော့ ဥရောပနိုင်ငံတွေဟာ အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတွေကိုလည်း လက်မခံပါဘူး။ အဲဒီဒုက္ခသည်စခန်းကို ဦးစီးနေတဲ့ ကာ့ဒ်အာဏာပိုင်တွေကတော့ မိသားစုတွေ ကွဲပြားသွားမှာကိုလည်း မလိုလားဘူး၊ နိုင်ငံမဲ့ ဖြစ်နေတဲ့ မိဘတွေကိုလည်း ဆက်လက်မထားလိုဘူးလို့ ပြောခဲ့ပါတယ်။

ပြန်လက်မခံရဲ

ဒီပြဿနာဟာ ဥရောပနိုင်ငံတွေမှာ နိုင်ငံရေးအရ တွေ့နေရပါတယ်။ ဥရောပနိုင်ငံတွေဟာ အိုင်အက်စ်အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကလေးတွေကိုတောင်မှ လက်မခံရဲပါဘူး။ အန္တရာယ်အဖြစ် မြင်ဆဲပဲ။ သူတို့ရဲ့ အသွင်အပြင်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ခြိမ်းခြောက်မှု တစ်ခုအဖြစ် မြင်နေကြဆဲပါ။ ဘယ်လ်ဂျီယံမှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည်များဆိုင်ရာ ဝန်ကြီးဟောင်း သီယိုဖရန်ကန်ကတော့ လတ်တလော ပြန်လည်လက်ခံရေး အစီအစဉ်တွေကို ရှုတ်ချလျက်ရှိပါတယ်။ နောက်ပြီး အိုင်အက်စ် ကလေးအုပ်စု ပြန်လည်အစပြု လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မိဘတွေဟာ ဒီနိုင်ငံသားတွေ မဟုတ်တော့ပါဘူးလို့ ၎င်းကဆက်ပြောခဲ့ပါတယ်။

ဒုက္ခသည်စခန်းမှာ ပြည့်လာ

ဆီးရီးယားနဲ့ အီရတ်တို့ရဲ့အချို့ဒေသတွေကို အိုင်အက်စ်တွေ သိမ်းပိုက်ထားစဉ် ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ လူပေါင်း ၄၁၀ဝဝ ခန့်ဟာ မူရင်း တိုင်းပြည်တွေကနေ စွန့်ခွာပြီး အိုင်အက်စ်အုပ်စုနဲ့ ပေါင်းစည်းခဲ့ပါတယ်။ အဲဒီထဲက သုံးပုံတစ်ပုံကတော့ ဥရောပနိုင်ငံတွေဆီကပါ။ တချို့တိုက်ခိုက်ရေးသမားတွေဟာ သူတို့နဲ့အတူ ကလေးတွေကိုပါ ခေါ်ဆောင်ခဲ့ပြီး တချို့ကျပြန်တော့လည်း ဒီရောက်မှ ကလေးရကြပါတယ်။ အဲဒီလူတွေထဲက ထောငပေါင်းများစွာဟာ အသတ်ခံရပြီး အသက်ရှင် ကျန်ရစ်သူတွေဟာလည်း မူရင်းတိုင်းပြည်ကို ပြန်ရင် အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံရမှာပါ။ လွန်ခဲ့တဲ့နှစ်အတွင်းမှာ အိုင်အက်စ်တို့ရဲ့ နောက်ဆုံးပုန်းခိုရာ နယ်မြေ ကျရှုံးသွားပြီးတဲ့နောက်မှာတော့ ဒုက္ခသည်စခန်းတွေမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အိုင်အက်စ် အကြွင်းအကျန်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အယ်လ်ဟိုဒုက္ခသည် စခန်းကိုသွားရင်း လမ်းမှာ သေဆုံးသွားတဲ့ ကလေးကတော့ ၂၉ ယောက်ခန့် ရှိပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတင်း ထုတ်ပြန်ပါတယ်။

သစ္စာစောင့်သိဆဲ

အကြမ်းဖက်မှု၊ ရောဂါထူပြောမှုနဲ့ မျှော်လင့်ချက်ပျက်သုဉ်းမှုတို့ဟာ ဒုက္ခသည်စခန်းမှာ ဖြစ်ပေါ်နေကြပါပဲ။ အစားအစာ၊ရေ၊ ဆေးဝါးအစ ရှိတာတွေ အကုန်ရှားပါးပါတယ်။ ဘယ်လ်ဂျီယံဆေးအဖွဲ့က စိတ်ပိုင်းဆိုင်ရာပညာရှင် ဂါရစ်လူ့စ်ကတော့ ဒီစခန်းမှာရှိတဲ့ အမျိုးသမီးတွေဟာ အိုင်အက်စ်တွေအပေါ် သစ္စာစောင့်သိဆဲပဲဖြစ်ပြီး ယုံကြည်မှုကို စွန့်လွှတ်လိုက်တဲ့သူဆိုရင် ကျောက်တုံးတွေနဲ့ ပစ်ပေါက်တုန်းပဲလို့ ပြောပြပါတယ်။ အဲဒီစခန်းမှာ ကလေး ၇၀ဝဝ နဲ့ အမျိုးသမီး ၃၀ဝဝ ခန့် နေထိုင်ကြပါတယ်။ သူတို့ထဲက အများစုကတော့ မူလနိုင်ငံတွေဆီ ပြန်ချင်ကြပါတယ်။ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေကတော့ အများစုရဲ့ မူလနိုင်ငံတွေပါပဲ။ ကာဇက်စတန်နဲ့ကို ဆိုဗိုတို့ကတော့ သူတို့ဆီက လူတွေကို အရွယ်ရောက်ပြီးသားဖြစ်နေရင်တောင် လက်ခံပေးပါတယ်။ တူရကီနဲ့ ရုရှားတို့ကတော့ အရေအတွက် အနည်းငယ်ကို ပြန်လက်ခံပေးပြီး အများစုကတော့ မိဘမဲ့တွေကို ပြန်လက်ခံခဲ့ပါတယ်။

ကလေးတွေကိုသာ လက်ခံမယ်

ဒါပေမယ့်အချို့နိုင်ငံတွေကတော့ လက်ခံနိုင်ဖို့ သဘောထား တင်းမာလှပါတယ်။ ဗြိတိန်နိုင်ငံ မှာတော့ သူ့ဆီကိုပြန်လာဖို့ တောင်းဆိုတဲ့လူကို နိုင်ငံသားဖြစ်ခွင့်ကနေ ရုပ်သိမ်းခဲ့ပါတယ်။ ဥရောပ နိုင်ငံအများစုကတော့ ပြန်လည်လက်ခံပေးရေးကို အစပိုင်းမှာ ငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ ကလေးတွေကို လက်ခံပေးမယ်။ ဒါပေမယ့် ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ ကြပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံကတော့ သူတို့နိုင်ငံသား ဖြစ်နေတဲ့ ၁၀ နှစ်အောက် ကလေးငယ် တွေကို အဆင့်ဆင့်စစ်ဆေးပြီး ပြန်လည်လက်ခံ သွားမယ်လို့ ပြောပါတယ်။ မိဘတွေလုပ်ခဲ့တဲ့ အပြစ်အတွက် ကလေးတွေက အပြစ်ခံစရာမလိုပါဘူးလို့ ဘယ်လ်ဂျီယံ တရားရေးဝန်ကြီး ခိုရန်ဂရင်းက ပြောပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးသား လူတွေကိုတော့ အစိုးရက ပြန်လည်လက်ခံသွားမှာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်ကစပြီး ဘယ်လ်ဂျီယံနိုင်ငံဟာ ဆီးရီးယားမှာ ရောက်နေတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား ကလေး ၂၅ ယောက်ကို ပြန်လာဖို့ ခွင့်ပြုခဲ့ပါတယ်။ သို့ပေမယ့်လည်း ဘယ်လ်ဂျီယံ ကလေး ၁၆၂ ဦး အိုင်အက်စ်တို့ရဲ့ နယ်မြေမှာကျန်ရှိဆဲပါပဲ။ ပြင်သစ်နိုင်ငံကလည်း ပြင်သစ်နိုင်ငံသား ကလေးတွေကို ဖြည်းဖြည်းချင်း ပြန်လက်ခံသွားမယ်လို့ ပြောပါတယ်။

အတားအဆီးရှိနေဆဲ

ဂျာမနီနိုင်ငံကတော့ ဆီးရီးယားမှာ ရောက်နေတဲ့ ကလေး ၃၀ဝ အနက်က ၁၅ ယောက်ကို ပြန်လက်ခံပြီးပါပြီ။ ဒါပေမယ့် ဂျာမနီရော ပြင်သစ်ပါ အရွယ်ရောက်ပြီးသား လူဆိုရင် လက်မခံပါဘူး။ ဒါတောင်မှပဲ ပြင်သစ်နိုင်ငံက လူဦးရေ သုံးပုံနှစ်ပုံခန့်ဟာ ကလေးတွေကို ပြန်လက်ခံတာကို မကြိုက်ကြဘူးလို့ ဖေဖော်ဝါရီလအတွင်းက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ စခန်းမှာရောက်နေကြတဲ့ ဥရောပနိုင်ငံသား ကလေးအချို့ဟာ နေရပ်ကို ပြန်လိုကြပေမယ့် သူတို့အတွက် ကြီးမားတဲ့ အတားအဆီးတွေက ရှိနေဦးမှာ အမှန်ပါပဲ။

ကိုးကား - နယူးယောက်တိုင်းမ်