၁ ဇွန်
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်တွင် အိုင်အက်စ်စစ်သွေးကြွများက မီနီဘတ်စ်ကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ ဒေသန္တရ ရုပ်သံဌာနတစ်ခုမှ ဝန်ထမ်းနှစ်ဉီး သေဆုံးခဲ့သည်။

စနေနေ့က မြို့တော်ကဘူးလ်တွင် ခူရှတ်ရုပ်သံဌာနမှ ဝန်ထမ်း ၁၅ ဉီး တင်ဆောင်လာသည့် ကားကို အိုင်အက်စ်စစ်သွေးကြွများက လမ်းဘေးဗုံးတစ်လုံးဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အာဖဂန်အစိုးရက ပြောကြားသည်။

တိုက်ခိုက်မှုကြောင့် သတင်းထောက်တစ်ဉီး အပါအဝင် ဝန်ထမ်းနှစ်ဉီး သေဆုံးခဲ့ပြီး ခြောက်ဉီး ဒဏ်ရာရရှိခဲ့သည်။
အိုင်အက်စ် အစွန်းရောက်များက အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။
အာဖဂန်အစိုးရအပေါ် သစ္စာစောင့်သိသည့် သတင်းများ ဖော်ပြသည့် ရုပ်သံဌာနမှ ဝန်ထမ်းများ တင်ဆောင်လာသည့် ဘတ်စ်ကားကို အဓိကထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ထုတ်ဖော်ခွင့်ကို အကြမ်းဖက် တိုက်ခိုက်ခြင်းသည် မည်သည့်နည်းနှင့်မှ သည်းခံနိုင်စရာ မရှိကြောင်း ရုပ်သံဌာန၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မိုဟာမက် ရှဖီး ဆီဒီကူက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် တာလီဘန်တို့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ကဘူးလ်မြို့တော် အရှေ့ပိုင်း ဂျလာလာဘတ်မြို့တွင် အိုင်အက်စ်တပ်ဖွဲ့များက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဂျလာလာဘတ်မြို့သည် တစ်ချိန်က အိုင်အက်စ်စစ်သွေးကြွများ၏ အမာခံနယ်မြေလည်း ဖြစ်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်