အီရတ်နိုင်ငံ မူဆိုးမြို့ကို အိုင်အက်စ်တွေ အုပ်ချုပ်သိမ်းပိုက်သွားတဲ့ သုံးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေက ခေါင်းကနေ ခြေထောက်အထိ အဝတ်အမဲနဲ့ ဖုံးကွယ်ထားရပြီး အမျိုးသားတွေက မုတ်ဆိတ်မွေး အရှည်ထားရပါတယ်။ အလှပြင်ဆိုင်တွေ အားလုံးပိတ်ထားရပြီး ပလပ်စတစ်ဆာဂျရီလုပ်ခြင်းက ရာဇဝတ်မှုလို့ စဉ်းစားနေတဲ့ အချိန်ဖြစ်ပါတယ်။ 

အိုင်အက်စ်အဖွဲ့တွေ မူဆိုးကနေ ဆုတ်ခွာသွားတာ တစ်နှစ်အကျော်မှာ မူဆိုးမြို့မှာ အနာရွတ်ဖျောက်ခြင်းလား၊ ဆံပင်ပြန်စိုက်ချင်လား၊ ပြုံးလိုက်တဲ့အခါ ဖြူဖွေးနေတဲ့ သွားလေးတွေ ရချင်လား၊ ပလပ်စတစ်ဆာဂျရီလုပ်ချင်လား ဒါမှမဟုတ် အလှပြင်ချင်လား အားလုံးကို လုပ်နိုင်ပြီဖြစ်ပါတယ်။ 

အီရတ်မှာနေထိုင်တဲ့ ဆီးရီးယားလူမျိုး အသက် ၄၀ အရွယ် ရာဂျီ နာဂျစ်က သူ့ရဲ့ခေါင်းပြောင်နေတဲ့ ထိပ်ပိုင်းကို ဆံပင်ဆိုက်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၈၀၀ လောက် အသုံးပြုမယ်ဆိုပြီး ဆံပင်စိုက်ဆိုင်ကို ရောက်ရှိနေပါတယ်။ ဆံပင်ကျွတ်တာကို ရပ်တန့်ရေးအတွက် ဆေးထိုးပေးတာအတွက် ၆၃ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။ 

လွန်ခဲ့ ဆယ်စုနှစ်ပေါင်းများစွာက မူဆိုးမြို့မှာ ပလပ်စတစ်ဆာဂျရီပြုလုပ်ပေးတဲ့ ဆေးခန်းတစ်ခန်းဘဲ ရှိခဲ့ပါတယ်။ အဲဒီဆေးခန်းကလည်း မွေးရာပါ ချို့ယွင်းမှုတွေကို ပြုပြင်ပေးတဲ့ ဆေးခန်းအနေနဲ့သာ ဖြစ်ပါတယ်။ 

ပြီးခဲ့တစ်နှစ်ကျော် အိုင်အက်စ်တို့ ဆုတ်ခွာသွားပြီးကတည်းက မူဆိုးမြို့မှာ အလှပြင်ဆေးခန်း ၅ ခန်းရှိလာပြီး လာရောက်တဲ့သူ အများစုဟာ အမျိုးသားတွေဖြစ်ကြတာကို တွေ့ရပါတယ်။

အခုတော့ မူဆိုးမြို့မှာ အသားအရေပြုပြင်ရေး ဆေးခန်း၊ အဆီချတဲ့ ခွဲစိတ်ပြုပြင်ခြင်းတွေအပါအဝင် botox ထိုးနိုင်ခြင်း အပြင် တခြား ခန္ဓာကိုယ်ပြုပြင်ခြင်းတွေ ပါလုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ 

 

MDN
ကိုးကား- AFP