ဘဂ္ဂဒက် ဩဂုတ် ၃၀
အရှေ့အလယ်ပိုင်းနိုင်ငံများမှ ခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် ပြင်သစ်နိုင်ငံတို့သည် အိုင်အက်စ် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကို ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး အီရတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၂၈ ရက် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ကြောက်မက်ဖွယ် အသေခံတိုက်ခိုက်မှု ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် အစည်းအဝေးကျင်းပခဲ့ခြင်း ဖြစ်သည်။
အိုင်အက်စ်အုပ်စု၏ ခြိမ်းခြောက်မှုမှာ ယခုအချိန်ထိတိုင် ရှိနေဆဲဖြစ်သည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောသည်။ ထို့ကြောင့် တိုင်းပြည်များအနေဖြင့် လုံခြုံရေးအဆင့်အတန်းကို လျှော့ချ၍ မရသေးဟုပြောသည်။ ပါဝင်တက်ရောက်ခဲ့ကြသူများသည် အီရတ်နိုင်ငံ စီးပွားရေးပြန်လည်တည်ဆောက်နိုင်ရန် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။
အိုင်အက်စ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံတွင် အခြေခံအဆောက်အအုံများစွာ ပျက်စီးခဲ့ရသည်။ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အခြေချမှုမှာ ယခုနှစ်ကုန်ပိုင်းတွင် အဆုံးသတ်မည်ဟု မျှော်မှန်းထားသည်။ အစည်းအဝေးတက်ရောက်လာသူများထဲတွင် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ပြီး အဆိုပါနှစ်နိုင်ငံမှ သံတမန်ဆက်သွယ်ရေးပြတ်တောက်နေသည်မှာ ငါးနှစ်ကြာရှိပြီဖြစ်သည်။
အင်န်အိတ်ချ်ကေ