၂၃ ဒီဇင်ဘာ

 

 

အိုင်ယာလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု တားမြစ်ရေး စည်းကမ်းသစ်တွေကို ဒီဇင်ဘာ ၂၅ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်ထိ ပြဋ္ဌာန်းကြောင်း  ဝန်ကြီးချုပ်က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

လက်တလော ရောဂါပိုး ကူးစက်မှုကို လေ့လာကြည့်မယ်ဆိုရင်  နေ့စဉ်ပိုးတွေ့နှုန်းဟာ ၁၀ ရာခိုင်နှုန်း လောက် တိုးနေကြောင်း၊ ဒီအခြေအနေဟာ စိုးရိမ်စရာကောင်းကြောင်းနဲ့ အခုလို ဆက်တိုက် တိုးနေတာမျိုးဟာ မဖြစ်သင့်ကြောင်း ဝန်ကြီးချုပ် မိုက်ကယ် မာတင်က ပြောပါတယ်။

 

 

အသစ်ပြဋ္ဌာန်းမယ့် ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်စည်းမျဉ်းစည်းကမ်းတွေထဲမှာ လူတိုင်း နေအိမ်တွေမှာ နေကြရန်၊ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေကို ဖွင့်ခွင့်ပြုပေမယ့် ဇန်နဝါရီ လျော့ဈေးပွဲတော်ရက်ကို ရွှေ့ဆိုင်းထားရန်၊ ကျောင်းတွေကိုလည်း ဆက်လက်ဖွင့်ထားရန်ပါရှိပါတယ်။

 

 

ဒီဇင်ဘာ ၂၄ ရက်နေ့မှာ  ဆံပင်အလှပြင်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဘားတွေ ပိတ်ထားရန် ပါရှိပါတယ်။

 

 

ဒေသတွင်း ခရီးသွားလာခွင့်ကို ဒီဇင်ဘာ ၂၆ ရက် နောက်ပိုင်းမှာ ပိတ်ပင်ထားပါတယ်။

 

 

ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး အိမ်ထောင်စု နှစ်စု စုဝေးခွင့် ရှိကြောင်း သိရပါတယ်။

 

 

နိုင်ငံမှာ ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀,၀၀၀ ရရှိကြောင်းနဲ့ ကာကွယ် ဆေးထိုးနှံရေး အစီအစဉ်ကို လာမယ့် သီတင်းပတ်မှာ စတင်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

လူဦးရေ ၅ သန်း နီးပါး နေထိုင်တဲ့ အိုင်ယာလန်နိုင်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၁,၂၂၈ ဦးနဲ့ သေဆုံးသူ ၂,၁၇၁ ဦးရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

 

MDN

ကိုးကား - AFP