ဝါရှင်တန်   အောက်တိုဘာ ၁၂

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဆော်ဒီအာရေဗျနှင့် အမေရိကန်တို့၏ ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားရန် ရည်ရွယ်လျက်ရှိသည်ဟု အိမ်ဖြူတော်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောသည်။

 

မကြာသေးမီအတွင်း ကမ္ဘာ့အဓိက ရေနံထုတ်လုပ်သည့်နိုင်ငံမှ ရေနံထုတ်လုပ်မှုကို လျှော့ချရန်အတွက် ဆုံးဖြတ်ခဲ့ပြီးနောက် ဆော်ဒီနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားဖွယ် ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်အမျိုးသား အကျိုးစီးပွားကို စောင့်ရှောက်ရန်အတွက် အမေရိကန်သည် ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးကို သုံးသပ်သွားသင့်သည်ဟု ဂျိုးဘိုင်ဒင်က ယူဆကြောင်း မဟာဗျူဟာမြောက် ဆက်သွယ်ရေးဆိုင်ရာ အမျိုးသား လုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူးဖြစ်သူ ဂျွန်ကာဘီက အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။

 

အိုပက်စ်ပလတ်စ် ဟုခေါ်သည့် ရေနံတင်ပို့ရောင်းချသူများ အသင်းနှင့် မိတ်ဖက်နိုင်ငံများသည် နိုဝင်ဘာလမှ စတင်ကာ တစ်နေ့လျှင် ရေနံစည်ပေါင်း နှစ်သန်းထုတ်လုပ်မှုလျှော့ချရန် ယခုလအစောပိုင်းက သဘောတူခဲ့ကြသည်။ ဆော်ဒီအာရေဗျသည်လည်း အဆိုပါအဖွဲ့အစည်းတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ ရေနံထုတ်လုပ်မှု လျှော့ချခြင်းကြောင့် ဈေးနှုန်းမြင့်တက်စေမည် ဖြစ်သည်။

 

ဇူလိုင်လအတွင်း ဂျိုးဘိုင်ဒင် သည် ဆော်ဒီအာရေဗျသို့ သွားရောက်ခဲ့ပြီး အာရပ်နိုင်ငံများအနေဖြင့် ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။ အိုပက် ပလတ်စ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ပြန်လည် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်မှ ဆော်ဒီသို့လက်နက် ရောင်းချမှုကို ပြန်လည်သုံးသပ်ရန် ဒီမိုကရက်တစ် ပါတီဝင်များက တောင်းဆိုလျက်ရှိသည်။

 

အင်န်အိတ်ချ်ကေ