၃၀ စက်တင်ဘာ
အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး သုံးရက်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အရပ်သား ၁၆ ဦး အပါအဝင် ဦးရေ ၁၀၀ သေဆုံးခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင် က အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုခဲ့သည်။
နာဂိုမို-ကရာဘက်ဒေသနှင့် ပတ်သက်ပြီး ယခင် ဆိုဗီယက်သမ္မတနိုင်ငံများအကြား ပြီးခဲ့သည့် တနင်္ဂနွေနေ့က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ထိုဒေသသည် အဇာဘိုင်ဂျန် အနောက်ပိုင်းတွင် တည်ရှိသော်လည်း အဓိကအားဖြင့် အာမေးနီးယားလူမျိုး အများစုနေထိုင်သော ဒေသဖြစ်သည်။
ပူတင်သည် အာမေးနီးယားဝန်ကြီးချုပ် နစ်ကိုလ် ပါရှင်ယန်နှင့် တယ်လီဖုန်းဖြင့် ယမန်နေ့က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ထိုဒေသတွင် ဩဇာလွှမ်းမိုးမှု ကြီးမားသည်။
ပူတင်က ယင်းတိုက်ပွဲများ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်ပြီး အလေးအနက် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုတိုက်ပွဲများကို ချက်ချင်းရပ်တံ့ရန် တောင်းဆိုခဲ့သည်။
အဇာဘိုင်ဂျန်ရှိ တူရကီတပ်များသည် စစ်ဆင်ရေးများကို ဦးဆောင်တိုက်ခိုက်နေသည်ဟု ပါရှင်ယန်က ယမန်နေ့ကပြောကြားသည်။ အဇာဘိုင်ဂျန်ကို အပြည့်အဝ အကူအညီပေးရန် ဆန္ဒရှိကြောင်း တူရကီက ဖော်ပြခဲ့သည်။
သို့ရာတွင် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်ကမူ တူရကီနိုင်ငံသည် ထိုတိုက်ပွဲတွင် မည်သည့်ပုံစံနှင့်မျှ ပါဝင်ခြင်းမရှိကြောင်းနှင့် ပါဝင်ရန်လည်း မလိုအပ်ကြောင်းပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို