ကလျာမိုးမြင့်
တူရကီနိုင်ငံက နည်းပညာအဆင့်မြှင့်တင်ထားတဲ့ ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူဖို့ ၎င်းရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး နည်းပညာဆိုင်ရာ စိုးရိမ်ဖွယ် ရှိလာနိုင်မှုအပေါ် စမ်းသပ်စစ်ဆေးဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းမယ့် ၎င်းရဲ့အဆိုပြုချက်ကို အမေရိကန်က ယုံကြည်လက်ခံလာ စေဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
ဘဝင်မကျ
ပူးတွဲလုပ်ငန်းဆောင်ရွက်မှုအဖွဲ့တစ်ဖွဲ့ကို ကျွန်ုပ်တို့ ဖွဲ့စည်းသင့်တယ်။ ပြီးတော့ နေတိုးအဖွဲ့က ဒါကိုဦးစီးဆောင် ရွက်သင့်တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာလုပ်နေတယ်ဆိုတာကို ကျွန်ုပ်တို့ နားလည်သဘောပေါက်တယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလပ် ကာဗူဆိုဂလူက ပြောခဲ့ဖူးပါတယ်။ အစောပိုင်းမှာ တူရကီက ရုရှားလုပ် အက်စ် ၄၀ဝ မြေပြင်မှ ဝေဟင်ပစ် ဒုံးခွင်းစနစ်ကို ဝယ်ယူဖို့ စီစဉ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အမေရိကန်က ဘဝင်မကျဖြစ်ခဲ့တဲ့အတွက် အန်ကာရာနဲ့ ဝါရှင်တန်တို့အကြား တင်းမာမှုတွေဟာ အတော်လေးကို ပြင်းထန်ခဲ့ပါတယ်။
နည်းပညာဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှု
အက်စ် ၄၀ဝ ဒုံးကျည်ကိစ္စကြောင့်ပဲ အမေရိကန်က ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အက်ဖ် ၃၅ ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ့်အစီအစဉ်မှာ တူရကီရဲ့ပါဝင်မှုကို ထိခိုက်အောင်လုပ်မယ်။ ပြီးရင် ကွန်ဂရက်လွှတ်တော်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း တွေ့ရစေမယ်ဆိုပြီးတော့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အမေရိကန်ဟာ ရုရှားရဲ့စနစ်တွေက ၎င်းတို့အဆင့်မြှင့်တင်ထားတဲ့ နည်းပညာတွေကို ရယူသွားနိုင်ဖွယ်ရှိပြီး အက်ဖ် ၃၅ ဂျက်လေယာဉ်တွေရဲ့ လုံခြုံရေးကို ထိခိုက်လာစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေနဲ့ အက်ဖ် ၃၅ ဂျက်လေယာဉ်တွေနဲ့ ဆက်စပ်အစိတ်အပိုင်းတွေ ပို့ဆောင်မှုနဲ့အတူ ဝန်ဆောင်မှုတွေကို ရပ်နားလိုက်ပါတယ်။
မဟာမိတ်တွေကိုခြိမ်းခြောက်မှုမရှိနိုင်
ပြီးတော့လည်း အမေရိကန်က ရုရှားရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ တူရကီမှာ နေတိုးအဖွဲ့ရဲ့ စနစ်တွေနဲ့လည်း သဟဇာတ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ အလေးအနက်ပြောကြားခဲ့ပါတယ်။ တူရကီဘက်ကတော့ အက်စ် ၄၀ဝ ဒုံးကျည် ကာကွယ်ရေးစနစ်တွေဟာ နေတိုးအဖွဲ့ရဲ့ စနစ်တွေနဲ့ ပေါင်းစပ်နိုင်မှာမဟုတ်လို့ မဟာမိတ်တွေကို ခြိမ်းခြောက်မှုရှိလာနိုင်စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ တူရကီအနေနဲ့ အက်ဖ် ၃၅ ဂျက်လေယာဉ်အစင်း ၁၀ဝ ကို ဝယ်ယူဖို့ စီစဉ်ထားသလို ဒီထဲကလေးစင်းကို လက်ခံရရှိထားပြီးပြီ။ သို့သော်လည်း လေယာဉ်တွေက တူရကီလေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ အမေရိကန်မှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကွန်ဂရက်လွှတ်တော်ရဲ့ ပိတ်ဆို့မှု
ပြီးတော့လည်း တူရကီက လေယာဉ်ကိုယ်ထည်နဲ့ လေယဉ်မောင်းထိုင်ခုံ အပြင်အဆင်တွေအပါအဝင် အက်ဖ်၃၅ ဂျက်လေယာဉ် အစိတ်အပိုင်းတွေရဲ့ ၇ ရာခိုင်နှုန်းလောက်နီးပါးကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်ကတော့ ၎င်းရဲ့ အရေးယူပိတ်ဆို့မှုဟာ တူရကီရဲ့ စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အပြင် တူရကီ အာကာသဆိုင်ရာ နည်းပညာတွေနဲ့ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုပါ အထိနာစေလိမ့်မယ်လို့ သတိပေးလာခဲ့ပါတယ်။ တူရကီအနေနဲ့ ရုရှားလုပ် အက်စ် ၄၀ဝ ဒုံးကျည်ကာကွယ်ရေး စနစ်ဝယ်ယူတာကို စွန့်လွှတ်လိုက်ဖို့ အမေရိကန်က အလွန်အမင်း ဖိအားပေးလာချိန် တူရကီ ဒေသမီဒီယာက အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်စေမယ့် အလှည့်ကျ ဖော်မြူလာတွေ ဥပမာ အဲဒီဒုံးကျည်ကာကွယ်ရေးစနစ်တွေကို တတိယအဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတွေဆီ ရောင်းချတာမျိုး သို့မဟုတ် အဲဒီနိုင်ငံတွေမှာ ဖြန့်ကြက်တာမျိုးလို လုပ်ဆောင်နိုင်တဲ့နည်းတွေကို သတင်း ဖော်ပြခဲ့ပါတယ်။
ရောင်းစရာအကြောင်းမရှိ
သို့သော်လည်း ဒီသတင်းတွေ ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ချေပထားပါတယ်။ ကျွန်ုပ်တို့အနေနဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ပြီးသွားပြီ။ ဒါတွေကို တတိယနိုင်ငံဆီ ရောင်းစရာအကြောင်းမရှိဘူး လို့ မတ် ၃၀ ရက်က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ၎င်းကပြောခဲ့တာပါ။ ရုရှားရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တူရကီဆီပို့ဆောင်မယ့်ကိစ္စ ရွှေ့ဆိုင်းတာနဲ့ပတ်သက်ပြီးတော့ မကြာသေးမီကပေါ်ထွက်လာတဲ့ သတင်းတွေအပေါ် ကာဗူဆိုဂလူက အက်စ် ၄၀ဝ ဒုံးကျည် ကာကွယ်ရေးစနစ် တူရကီဆီ ပို့ဆောင်မယ့်ကိစ္စကို ရွှေ့ဆိုင်းမယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာထုတ်ပြန်ချက်မှ မရှိဘူးလို့ ဖြေရှင်း ထားပါတယ်။
စစ်ဆေးစောင့်ကြည့်ဖို့ ကော်မတီဖွဲ့မည်
နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်နိုင်ငံဆီက လုပ်ဆောင်လာတဲ့ အရေးယူပိတ်ဆို့မှုကို ရှောင်လွှဲဖို့ ကြိုးပမ်းတဲ့အနေနဲ့ တူရကီဟာ လက်ရှိအချိန်အတောအတွင်းမှာ အက်ဖ် ၃၅ ဂျက်လေယာဉ် အသုံးပြုခြင်းအပေါ် အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်ရတဲ့အချက်တွေကို စစ်ဆေးစောင့်ကြည့်ဖို့အတွက် နည်းပညာဆိုင်ရာ ပူးတွဲကော်မတီတစ်ရပ်ကို အမေရိကန်နဲ့အတူ ထူထောင်သွားမယ့် နည်းလမ်းကိုသုံးဖို့ ရည်သန်နေခြင်းဖြစ် ကောင်းဖြစ်နိုင်ပါတယ်။
တူရကီနောက်မဆုတ်ခဲ့
တူရကီသမ္မတဟာ ရုရှားနဲ့သဘောတူထားတဲ့ ၎င်းရဲ့ ကတိကဝတ်ကို နောက်မဆုတ်ခဲ့သလို ဒုံးကျည်ကာကွယ်ရေး စနစ်ဝယ်ယူဖို့ကို သဘောတူထားပြီဖြစ်ပြီး အဲဒီကာကွယ်ရေး စနစ်တွေကို လာမယ့်ဇွန်လမှာ စတင်ပို့ဆောင်သွားမယ်လို့ အလေးအနက်ပြောခဲ့ပါတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ပူးတွဲကော်မတီ ဖွဲ့စည်းရေးကိစ္စကိုလည်း အမေရိကန်အနေနဲ့ အချိန်တစ်ခု သတ်မှတ်ဖို့ တိုက်တွန်းနေတယ်လို့ အန်ကာရာ အခြေစိုက် နိုင်ငံရေးသတင်းသမားတစ်ဦးက ပြောခဲ့ပါတယ်။
တူရကီအတွက်တော့ နေတိုးမဟာမိတ်နိုင်ငံနဲ့ နည်းပညာဆိုင်ရာ ကော်မတီတစ်ရပ်ကို အတူဖွဲ့စည်းတာဟာ အမေရိကန်ရော တူရကီအတွက်ပါ ဆုပ်ထားတဲ့လက်သီးတွေ ဖြေလျှော့သွားစေနိုင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာစေမယ့် ခြေလှမ်းတစ်လှမ်း ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။
တုံ့ပြန်မှုမရှိသေး
အကယ်၍ နည်းပညာကော်မတီကို ဖွဲ့စည်းလိုက်တဲ့အခါ ဒီလိုလုပ်ဆောင်လိုက်တဲ့ ဖြစ်နိုင်ဖွယ်ရလဒ်က တူရကီကို နိုင်ငံတကာပြိုင်ကွင်းထဲမှာ ကျေနပ်နှစ်သိမ့်မှု ရလာစေနိုင်မှာဖြစ်တဲ့အပြင် နှစ်နိုင်ငံဟာ မျှော်မှန်းထားတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ နောက်ဖေးတံခါးဖွင့်တဲ့ သံခင်းတမန်ခင်း ပရိယာယ်အားဖြင့် ခြေလှမ်းတွေ ရှေ့ဆက်လာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပင်ဖြစ်စေ လတ်တလောမှာတော့ အမေရိကန်နဲ့ တူရကီနှစ်နိုင်ငံခေါင်းဆောင်တွေအကြား လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ် ဆိုပေမယ့် နေတိုးအဖွဲ့အာဏာပိုင်တွေပါဝင်မယ့် ကော်မတီတစ်ရပ်ဖွဲ့စည်းရေး တူရကီရဲ့ကမ်းလှမ်းမှုကို အမေရိကန်က တုံ့ပြန်မှုမရှိသေးပါဘူး။
ပေါက်ကွဲအားပြင်းထန်နိုင်တဲ့အခြေအနေ
လတ်တလောအချိန်မှာ ရုရှားလုပ် အက်စ် ၄၀ဝ ဒုံးကျည် ကာကွယ်ရေးစနစ်ဝယ်ယူဖို့ ဆုံးဖြတ်ထားတဲ့ တူရကီရဲ့ရပ်တည်ချက် သဘောထားဟာ အမေရိကန်နဲ့ တူရကီကြားမှာ အလွန်ပေါက်ကွဲမှုအား ပြင်းထန်နိုင်တဲ့ ပဋိပက္ခ အခြေအနေတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူအများစုက ယုံကြည်နေကြတာကို တွေ့ရပါတယ်။ အက်စ် ၄၀ဝ ဒုံးကျည်ကာကွယ်ရေးစနစ် ပို့ဆောင်မယ့် သတ်မှတ်ရက်အပေါ်မူတည်ပြီး နှစ်ဖက်စလုံးဟာ အဖြေရှာဖို့ မဖြစ်မနေလိုအပ်တဲ့ အခြေအနေဖြစ်တယ်လို့ ဟာရီရတ် နေ့စဉ်သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးဖြစ်တဲ့ ဘာဆင်ယီနန်စ်က သုံးသပ်ပြောကြားခဲ့ပါတယ်။
ကိုးကား- ဆင်ဟွာ