အက်စ်-၄၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်ပတ်သက်သော  အမေရိကန်၏ရာဇသံကို တူရကီ ငြင်းဆန်

အန်ကာရာ    ၂၉ မေ

ရက်သတ္တပတ်နှစ်ခုအတွင်း ရုရှားလုပ် အက်စ်-၄၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူမှုအဆုံးသတ်ရန် အမေရိကန်ပြည်ထောင်စုက တူရကီနိုင်ငံအတွက် ရာဇသံတစ်ရပ် ထုတ်ပြန်ခဲ့သည်ဆိုသော သတင်းများကို တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအေကာက ပယ်ချခဲ့သည်။

တူရကီနိုင်ငံသို့ မည်သည့် အချိန်ကာလမျှ သတ်မှတ်ပေးထားခြင်းမရှိသလို အမေရိကန်ပြည်ထောင်စု၏ ဖြစ်နိုင်ဖွယ်ရာ အရေးယူမှုများကို တူရကီနိုင်ငံက လက်တုံ့ပြန်မည်မဟုတ်ဟု ဒေသန္တရရုပ်သံဌာန Haberturk နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း အေကာက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံနှင့် သဘောတူညီထားသည့် အက်စ်-၄၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူမည့်အစီအစဉ်ကို နှစ်ပတ်အတွင်း စွန့်လွှတ်ရန် သို့မဟုတ်ပါက အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ ဝယ်ယူခွင့်ဆုံး ရှုံးဖွယ်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက တူရကီနိုင်ငံသို့ ပြောကြားခဲ့သည်ဟု CNBC ရုပ်သံဌာနက ပြီးခဲ့သည့် အပတ်အတွင်း ထုတ်လွှင့်ခဲ့သည်။

တူရကီနိုင်ငံက အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များအတွက် အမေရိကန်ပြည်ထောင်စုသို့ အပြည့်အဝ ငွေပေးချေခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ တူရကီနိုင်ငံက အက်စ်-၄၀ဝ လေကြောင်းရန် ကာကွယ်ရေးစနစ် ဆက်လက်ဝယ်ယူပါက အမေရိကန်ပြည်ထောင်စုက အက်ဖ်-၃၅ ဂျက်တိုက်လေ ယာဉ်ပေးပို့မှု ဆိုင်းငံ့ကာ အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဇူလိုင်လအတွင်း တူရကီနိုင်ငံသို့ ပထမအသုတ် အက်စ်-၄၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့မည်ဟု မျှော်လင့်ရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်