လာလီဂါပွဲစဉ် (၃၄) မှ ဦးဆောင်သူ ရီးရဲမက်ဒရစ်အသင်းနှင့် အက်စ်ပန်ညိုအသင်းတို့ ပွဲစဉ်ကို တနင်္ဂနွေနေ့ ညပိုင်းက ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက လေးဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သောကြောင့် ရာသီမပြီးဆုံးမီ လာလီဂါအမှတ်ပေးဖလားချန်ပီယံအဖြစ် အောင်ပွဲခံ နိုင်ခဲ့ပြီး (၃၅) ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့သည်။

ထို့ကြောင့် အသက် ၆၂ နှစ်အရွယ်ရှိ နည်းပြ အန်ဆယ်လော့တီသည် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ဖလားဆွတ်ခူးနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် အီတလီစီးရီးအေဖလား၊ လီဂူးဝမ်းဖလား၊ ပရီမီယာလိဂ်ဖလားနှင့် ဘွန်ဒက်စ်လီဂါဖလားတို့ကို ဆွတ်ခူးရရှိထားသည်။ အန်ဆယ်လော့တီသည် နည်းပြဘဝ ပထမဆုံး လိဂ်ဖလားကို ၂၀၀၄ ခုနှစ်တွင် အေစီမီလန်အသင်းနှင့် စတင်ရရှိခဲ့သူ ဖြစ်သည်။

ထို့ပြင် အန်ဆယ်လော့တီသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဖလားဆွတ်ခူးနိုင်ခဲ့ပါက ဥရောပဖလား သို့မဟုတ် ချန်ပီယံလိဂ်ဖလားကို လေးကြိမ်မြောက် ဆွတ်ခူးနိုင်သည့် နည်းပြအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်မည် လည်းဖြစ်သည်။ အန်ဆယ်လော့တီ၏ ရီးရဲမက်ဒရစ်အသင်းသည် မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် မေ ၅ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အောင်ဇော်