အက်ဒ်ရှိရန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဗြိတိန်တေးသံရှင် အက်ဒ်ရှီရန်ဟာ လတ်တလောမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခဲ့ရာမှာတော့ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်းကို အက်ဒ်ရှီရန်က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေ တစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာပါ။ လက်ရှိမှာ အက်ဒ်ရှီရန်ဟာ သီးခြားခွဲကာ နေထိုင်ရင်းက အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာနေထိုင်လျက်ရှိကြောင်း တစ်ပါတည်းရေးသား ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီလို ရောဂါကူးစက်ခံထားရပေမယ့် အက်ဒီရှီရန်က သူ့အနေနဲ့ စီစဉ်ခဲ့ပြီးဖြစ်တဲ့ အင်တာဗျူးတွေကို သီးခြားခွဲနေထိုင်စဉ်ကာလအတွင်းမှာပင် ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။ ဒါ့အပြင် အက်ဒ်ရှီရန်က သူ့အနေနဲ့ သီးခြားနေထိုင်စဉ်ကာလအတွင်း အခြားသူတွေနဲ့ လူချင်းတွေ့ဆုံနိုင်ခြင်း မရှိပေမယ့် သူ့ရဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ်တွေအနက် အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်လို့ရနိုင်မယ့် အင်တာဗျူးနဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုတော့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အက်ဒ်ရှီရန်ရဲ့ တေးအယ်လ်ဘမ်သစ်ဟာ ယခုသီတင်းပတ် အတွင်း ထွက်ရှိမှာဖြစ်ပြီး သူ့ရဲ့ တေးအယ်လ်ဘမ်သစ်နဲ့ပတ်သက်တဲ့ အရောင်းမြှင့်တင်ရေး လုပ်ငန်းတွေအတွက် တေးသီချင်းဖျော်ဖြေမှုတွေနဲ့ အင်တာဗျူးတွေ ပြုလုပ်ဖို့ရာ ရှိနေတာဖြစ်ပါတယ်။

အေးပြည့်