မနက်အိပ်ရာကနိုးလာရင် ခန္ဓာကိုယ်ကြီးက တောင့်တင်းနေတယ်။ တစ်နေကုန် အလုပ်လုပ်ပြီးရင်လည် တောင့်တင်းနာကျင်နေတာပဲ။ ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့ သူတွေများရှိလား။ ဒါဆိုရင်တော့ ကြုံနေရတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ပြောပြပေးပါရစေလား။

 

တင်းနေတဲ့ အကြောတွေပြေလျော့စေဖို့ ဘာလုပ်ရမလဲ………….

 

တင်းနေတဲ့ အကြောတွေကို ပြေလျော့စေဖို့ အကောင်းဆုံးနည်းလမ်းက အကြောလျှော့တာပါ။ မနက်အိပ်ရာက နိုးလာရင်ဖြစ်ဖြစ် ရေမချိုးခင်မှာဖြစ်ဖြစ် အကြောလျှော့ပေးတာက အရိုးနဲ့ ကြွက်သားတွေ ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးနိုင်တာပါ။ ဒီတော့ အကြောလျှော့လို့ ဘယ်လို အကျိုးကျေးဇူးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

 

အကြောလျှော့လို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ………

 

နေ့စဉ်ပုံမှန် အကြောလျှော့ပေးမယ်ဆိုရင်

 

အကြောတွေပြေလျော့မယ်

 

ပုံမှန် အကြောလျှော့ပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်အကြောလျှော့ပေးတာက ခန္ဓာကိုယ်ကိုတင် ပြေလျော့စေတာမဟုတ်ဘဲ နေ့စဉ်လှုပ်ရှား သွားလာမှုတွေကိုလည်း အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်စေမှာပါ။ အသက်အရွယ်ရလာတာကြောင့် ခံစားရနိုင်တဲ့ အဆစ်နာတာကိုလည်း သက်သာစေနိုင်ပါတယ်။

 

လှုပ်ရှားရ အဆင်ပြေစေနိုင်တယ်

 

အကြောပုံမှန်လျှော့ပေးတာက အဆစ်တွေ နဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ သွားလာရတာ ပေါ့ပါး သွက်လက်ချင်တယ် ဆိုရင်တော့ အကြောပုံမှန် လျှော့ပေးပါ။

 

လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေစေနိုင်တယ်

 

ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ခင်မှာ အကြေလျှော့လေ့ကျင့်ခန်းကို အရင်လုပ်ပါ။ ဒီလိုလုပ်ပေးခြင်းက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သားတွေ အဆစ်တွေ ထိခိုက်နာကျင်တာမျိုးမဖြစ်စေဘဲ အကောင်းဆုံးလှုပ်ရှားနိုင်စေမှာပါ။

 

ကြွက်သားတွေဆီ သွေစီးဆင်းရောက်ရှိမှုကောင်းစေနိုင်တယ် အကြောလျှော့လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကြွက်သွားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ကြွက်သားတွေ နာကျင်တာ၊ ကြွက်သားစုတ်ပြဲတာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါ။ ကြွက်သားတွေ တောင့်တင်းနာကျင်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

 

ခန္ဓာကိုယ်ကို အနေအထားမှန်စေတယ်

 

အကြောပုံမှန် လျှော့ပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေမှာပါ။

 

ခါးနာမျိုးမဖြစ်အောင် ကာကွယ်ပေးတယ်

 

ပုံမှန်အကြောလျှော့ပေးတာက နောက်ကျောနဲ့ခါးကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပြီး ခါးမနာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ခါးကြွက်သားတွေကို သန်မာစေနိုင်သလို ခါးနာနေတာကိုလည်း သက်သာစေနိုင်ပါတယ်။

 

စိတ်ဖိစီးမှု ပြေလျော့စေတယ်

 

စိတ်ဖိစီးမှုများတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာကို ကြုံဖူးမှာပေါ့။ အကြောင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကြွက်သားတွေက တောင့်တင်လာ တတ်ကြပါတယ်။ များသောအားဖြင့်တော့ စိတ်ဖိစီးတဲ့အခါ ဇက်ကြော၊ ပခုံးနဲ့ နောက်ကျောက ကြွက်သားတွေ တောင့်တင်းနေတတ်ကြပါတယ်။ ဒါကြောင့် အကြောလျှော့ပေးတာက စိတ်ဖိစီးမှုကို သိသိသာသာပြေလျော့စေမှာပါ။

 

စိတ်ခံစားမှုကောင်းစေနိုင်တယ်

 

ပုံမှန်အကြောလျှော့ပေးတာက ကြွက်သားတွေကိုတင်ပြေလျော့စေတာမဟုတ်ပါဘူး ။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။ အကြောလျှော့ပေးတဲ့အခါ ဝင်သက် ထွက်သက်မှန်မှန်ရှုပေးပါ။

 

ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်

 

တစ်ခါတလေမှာ ခေါင်းကိုက်နောတာက ကြွက်သားတွေတောင့်တင်းနေတာကြောင့်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ သင့်တင့်တဲ့အစးအစာကို စားပေးတာ၊ ရေဓာတ်ပြည့်ဝအောင် ရေသောက်ပေးတာ၊ ပြည့်ပြည့်ဝဝအနားယူပေးတာတွေအပြင် အကြောလျှော့ပေးတာကလည် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အကြောင်းကတော့ ကြွက်သားတွေ ပြေလျော့သွားတာကလည်း ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”