နေပြည်တော် ဇူလိုင် ၉

ရေလုပ်ငန်းကဏ္ဍ ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် အကောင်းဆုံး ငါးမွေးမြူရေးကျင့်စဉ် (Best Aquaculture Practice BAP) စနစ်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရုံးအမှတ်(၃၆)တွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ တင်ပြချက်များအရ ကြက်နှင့် ငါးတွဲဖက်မွေးမြူမှုကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိရာ မွေးမြူသူ(၁၁၃၂)ဦး ဧရိယာအားဖြင့် ဧက(၂၁၀၀၀)ကျော်ရှိကြောင်း၊ လေ့လာတွေ့ရှိချက်များအရ ကြက်နှင့် ငါးတွဲဖက်မွေးမြူမှုသည် နှစ်ဦးနှစ်ဖက်အကျိုးရှိစေနိုင်သည့် ကောင်းကျိုးများရှိသကဲ့သို့ ငါးကန်ကို ညစ်ညမ်းမှုဖြစ်စေနိုင်သည့် ဆိုးကျိုးများကိုလည်း ဂရုပြုရန်လိုကြောင်း၊ ပြည်ပတင်ပို့ရန် ရည်ရွယ်ထုတ်လုပ်သည့် ရေထွက်ကုန်များ၊ ရေနေသတ္တဝါများအတွက် ကြက်၊ ဝက်၊ ငါးတွဲဖက်မွေးမြူမှု (Integrated Farming) ကို ခွင့်ပြုခြင်း မရှိသည်ကို ဂရုပြုရမည် ဖြစ်ပါကြောင်း၊ အဓိကမှာ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန် ဖြစ်ပါကြောင်း၊ ဌာနတာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ ကဏ္ဍတစ်ခုတည်းကိုသာ တွန်းအားပေး၍ ဆွေးနွေးခြင်းမပြုဘဲ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် နိုင်ငံ၏ GDP တိုးတက်လာစေရေးအတွက် မျှတမှန်ကန်သော စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဦးတည်ဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အကောင်းဆုံး ငါးမွေးမြူရေး ကျင့်စဉ် (Best Aquaculture Practice - BAP) စနစ်ကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (MPEA) တာဝန်ရှိသူက ဆော်ဒီအာရေဗျနိုင်ငံသို့ မွေးမြူရေးငါးများ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ MPEA ၏ အကြံပေးပုဂ္ဂိုလ်မှ BAP, GAqP ဆောင်ရွက်ရန်လိုအပ်မှု အားသာချက် အားနည်းချက်များအပေါ် သုံးသပ်တင်ပြကြသည်။ 

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်