၂၅  အောင်တိုဘာ 

 

နိုဝင်ဘာ ပထမအပတ်ထဲ စတင်ရိုက်ကူးမည့် "ငါမုန်းတဲ့ အက္ခရာ" ရုပ်ရှင်ဇာတ်ကားကြီးကို  ကျော်ဇော ရုပ်ရှင် ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်ရိုက်ကူးမည်ဖြစ်ပြီး၊ ဇာတ်လမ်း ထက်ထက်ကျော်ဇော၊ဇာတ်ညွန်း ဆဲဗင်းဒေးမှာ ရေးသားကာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ဖန်တီးရိုက်ကူးသွားမည်ဟု သိရသည်။ 

 

 

အဆိုပါ ဇာတ်ကားတွင်  အောင်ရဲလင်း၊ တိုင်ရွန်၊ စိုမြတ်သူဇာ၊ ရွှေမှုံရတီနှင့် အနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရသည်။

 

"ဒီကားလေး ရိုက်ကူးဖြစ်တဲ့ အကြောင်းကတော့ ထုတ်လုပ်သူကနေ စတာလို့ပြောရမယ်၊ သူကိုယ်တိုင် ရွေးထားတဲ့ ဇာတ်လို့ပြောနိုင်ပါတယ် "ငါမုန်းတဲ့ အက္ခရာ" ဆိုတဲ့အတိုင်း ဇာတ်လမ်းက အရမ်းကောင်းတယ်၊ ကျွန်တော်လည်းကြိုက်တယ် အဓိပ္ပာယ်ကတော့ ချစ်တယ် ဆိုတဲ့ စကားစုလေးကို မုန်းတယ်လို့ပြောတာပါ၊ ပထမတုန်းက သူငယ်ချင်းလေးယောက်ရှိတယ် အရမ်းချစ်ကြတယ် စိုးမြတ်သူဇာက အောင်ရဲလင်းကို တစ်ဖက်သတ်ချစ်တယ်၊ ဒါပေမယ့် အောင်ရဲလင်းက မချစ်ဘူး သူချစ်တာက ရွှေမှုန်ရတီကို၊ အဲ့လိုပဲ တိုင်ရွန်ကလည်း အချစ်ကြောင့် ခံစားနေရတဲ့သူ။ သူကလည်း သူတစ်ဖက်သတ်ချစ်ရတဲ့ သူက သူ့ကိုပြန်မချစ်လို့ အမုန်းတွေ ဖြစ်ခဲ့ရတယ် ပြောချင်တာကတော့ အချစ် ဆိုတဲ့ အက္ခရာ စကားစုလေးက အမုန်းတွေ ဖြစ်သွားတာပေါ့နော်၊ အချစ်ကို အရမ်းဦးစားပေးလွန်းရင် ဘေးထွက်ဆိုးကျိုး ရှိတတ်တယ် ဆိုတာလေးကို ပြချင်တဲ့သဘောပါ" ဟု ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ပြောသည်။

 

အဆိုပါ ဇာတ်ကားကို နိုဝင်ဘာ လဆန်းတွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး ရိုက်ကွင်းအား နေပြည်တော်တွင် ရိုက်ကူးမည်ဟု သိရသည်။ ယင်းဇာတ်ကားသည် အချစ်အသားပေး ရုပ်ရှင် ဇာတ်ကားတစ်ကားဖြစ်ကြောင်း သိရသည်။

 

"သီချင်းလေး တစ်ပုဒ်ရှိတယ်၊ အဘိုးကလည်း အဘွားကို ချစ်တယ်၊အဖေကလည်း အမေကိုချစ်တယ်၊ ကိုယ်ကလည်း သူကိုချစ်တယ် ဆိုတဲ့ အတိုင်းပေါ့နော်။ ဒီဇာတ်ကားလေးကလည်း အချစ်ကို အသားပေးထားတာပါ။ ဇာတ်လမ်း ရိုက်တော့မယ်ဆိုတော့ ဇာတ်ကောင်တွေ ရွေးကြတဲ့အခါ ဘယ်သူက ဘယ်ကာရိုက်တာနဲ့ လိုက်ဖက်တယ် ဆိုတာကို ကျွန်တော်ရယ်၊ မန်နေဂျာရယ်၊ ထုတ်လုပ်သူတွေရယ်  သေချာတိုင်ပင်ပြီး ရွေးကြတာပါ၊ ဇာတ်တစ်ခုကို ရိုက်တော့မယ်ဆို ကျွန်တော်တို့ကဘယ်လိုမျိုးကြိုက်လဲ၊ ကိုယ်ကြိုက်ပြီဆိုမှ ပရိသတ်ကရော ဘယ်လိုမျိုးကို ကြိုက်ကြလဲ ဆိုတာကို အရင်ကြည့်တယ်၊ အဲ့လိုအားလုံး အဘက်ဘက်က ကြည့်ပြီး ကြိုက်နိုင်တယ်ဆိုမှ ဇာတ်လမ်းကိုတည်ပြီး ရိုက်ကြတာပါ" ဟု ထပ်မံပြောဆိုသည်။

 

ကိုလင်း