အခြေအနေနှင့်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန်လို

 

နိုင်ငံတစ်နိုင်ငံ  စီးပွားဖွံ့ဖြိုးရေး၊   ကြီးပွားချမ်းသာလာနိုင်ရေးအတွက် ရုပ်ဝတ္ထုပစ္စည်းများအပေါ် လူတို့၏ သဘောထားများ၊ အခွင့်အလမ်းဖန်တီးနိုင်မှုရှိသည့် အခြေအနေများနှင့် လူတို့၏ အားထုတ်မှုများကို လှုံ့ဆော်ပေးနိုင်သည့်အခြေအနေများ စသည့် အခြေခံလိုအပ်ချက်သုံးရပ်အပြင် လူတို့၏အလုပ်လုပ်လိုစိတ်နှင့် အလုပ်လုပ်နိုင်သည့်စွမ်းရည်တို့ လိုအပ်သည်ဟုဆိုသည်။ ကမ္ဘာ့ နိုင်ငံအသီးသီးတို့တွင် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရာ အထက်ဖော်ပြပါ လိုအပ်ချက်များပြည့်စုံအောင် ဖန်တီးနိုင်သည့်နိုင်ငံများမှာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု၊ ကြီးပွားချမ်းသာမှုတို့ကို ရရှိနိုင်ကြသည်။

မိမိကိုယ်တိုင် ကြီးပွားချမ်းသာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ် အလုပ်လုပ်ပါဟု တိုက်တွန်းရုံမျှ ဖြင့် အလုပ်လုပ်နိုင်သည့်အင်အားစုသည် လှုပ်ရှားလာမည် မဟုတ်ဘဲ အခြေအနေနှင့်အခွင့်အလမ်းတို့ကို ဖန်တီးပေးရမည်ဖြစ်သည်ဟု ပညာရှင်တို့ကဆိုသည်။ အလုပ်လုပ်နိုင်သည့် အင်အားစုများ ဆိုင်ရာဆိုင်ရာကဏ္ဍများတွင် အလုပ်လုပ်လာနိုင်စေသည့်အခြေ အနေများ ဖန်တီးပေးရန်နှင့် ၎င်းတို့၏အစွမ်းအစများကို ဖော်ထုတ်အသုံးချလာနိုင်သည့် လမ်းကြောင်းများ  ဖွင့်ပေးရန်လိုသည် ဟုဆိုသည်။ လူတို့သည်  အခြေအနေကို  ပို၍တုံ့ပြန်တတ်ပြီး တိုက်တွန်းနှိုးဆော်ခြင်းထက် အခြေအနေများကို ဖန်တီးပေးခြင်းက လူတို့၏အလုပ်ကို ပို၍စေ့ဆော်ပေးနိုင်ခြင်းကြောင့်ပင်ဖြစ်သည်။

အခြေအနေအပေါ်လူတို့၏တုံ့ပြန်မှုနှင့် စပ်လျဉ်း၍ အရှေ့အာရှနိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များတွင် တွေ့ရှိနိုင်သည်။ ပဒေသရာဇ်ခေတ် ဟောင်းကာလက တံခါးပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် ဂျပန်နိုင်ငံသည် ၁၉ ရာစုအလယ်ကာလတွင် နယ်ချဲ့စနစ်၏ အကျပ်ကိုင်မှုကြောင့် တံခါးဖွင့်ခဲ့ရပြီး ဘုရင်စနစ်ကိုမေဂျီခေတ်တွင် သွေးသစ် လောင်းခဲ့ရသည်။ နိုင်ငံကိုခေတ်မီနိုင်ငံအဖြစ် တည်ဆောက်ရန်အတွက် အမျိုးသားစိတ်ဓာတ်လည်း အားကောင်းစွာဖွဲ့စည်းဖြစ် တည်လာခဲ့ကာ   ၎င်းစိတ်ဓာတ်ဖြင့်ပင်   ခေတ်မမီတော့သည့် ပဒေသရာဇ်စနစ် ပျက်သုဉ်းစေခဲ့သလို နိုင်ငံခေတ်မီရေး ဦးဆောင်မည့်ခေါင်းဆောင်သစ်များ  ပေါ်ထွန်းလာစေခဲ့သည်။ နယ်ချဲ့အင်အားစုအကျပ်ကိုင်မှုကြောင့် အင်အားကြီးမားခေတ်မီသော နိုင်ငံတော်မဖြစ်မနေတည်ဆောက်ရမည်ဟူသည့် အမျိုးသားစိတ်ဖြစ်ပေါ်လာခြင်းမှ အစပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားကြီးမားသည့်တွန်းအားတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ခြင်း ပင်ဖြစ်သည်။

ထိုနည်းတူစွာပင် ၁၉၆၀ ပြည့်လွန်နှစ်များအထိ ဖွံ့ဖြိုးမှု အဆင့်အတန်းလွန်စွာနိမ့်ကျခဲ့သော တောင်ကိုရီးယားသည်လည်း အတိတ်ကာလတွင် ပြည်ပနိုင်ငံများ၏ ကျူးကျော်လွှမ်းမိုးခံရမှု၊ ဒုတိယကမ္ဘာစစ်ပြီးကာလတွင် နိုင်ငံနှစ်ပိုင်းခွဲခံရမှုတို့မှ  ဖြစ်ပေါ်လာသည့် အမျိုးသားရေး စိတ်ဓာတ်က နိုင်ငံကိုခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံ မဖြစ်မနေတည်ဆောက်ရန် စေ့ဆော်ခဲ့သည်။ ပြည်သူတစ်ဦးချင်းစီ၏ စိတ်ဓာတ်၊ အသိအမြင်နှင့် ကာယ၊ ဉာဏ စွမ်းအားများကို နိုင်ငံဖွံ့ဖြိုးရေးစိတ်ဓာတ်နှင့်ပေါင်းစပ်ကာ အစွမ်းကုန်အားထုတ် ဆောင်ရွက်ခဲ့ကြခြင်းဖြင့် မျက်မှောက်ကာလတွင် အံ့ဩဖွယ်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ရရှိနေခြင်းပင် ဖြစ်သည်။

လက်ရှိကာလတွင် မိမိတို့နိုင်ငံသည်  ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများ၊ ဒေသတည်ငြိမ်အေးချမ်းမှု မရှိသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ယနေ့မြန်မာပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကျပ်အတည်းများ၏ ဇာစ်မြစ်မှာ နိုင်ငံရေး ခေါင်းဆောင်အချို့၏ အမြော်အမြင်ကင်းမဲ့မှုမှ စတင်ခြင်းဖြစ်သည်။ မည်သို့ဆိုစေ နိုင်ငံတည်ငြိမ်အေးချမ်းရေးသည် ဦးစားပေးဆောင်ရွက်ရမည့်  အရေးဖြစ်သကဲ့သို့ တစ်ဖက်တွင်  နိုင်ငံ့တည်ဆောက်ရေးကိုလည်း  စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ပြည်သူတစ်ရပ်လုံးက နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက် လာစေရန် အခြေအနေ၊ အခွင့်အလမ်းများ ဖန်တီးဖော်ဆောင် ပေးရပါမည့်အကြောင်း။

မြန်မာ့အလင်း