ဒေါက်တာဝင်းဝင်းကြိုင်

 

နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ကျောင်းပညာရေး စနစ်ပြင်ပမှ ပညာရေးအစီအစဉ်များကို တာဝန်ယူဆောင်ရွက်ရန် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါသည်။

ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်နေသူများကို ပညာသင်ယူမှု အခွင့်အလမ်းများရရှိရန် ဘဝတစ်သက်တာတွင် အသုံးချနိုင်ရေးအထိ မျှော်မှန်းထားရှိပြီး ပညာစတင် သင်ယူနိုင်သည့်အရွယ်မှ ဘဝသက်တမ်းတစ်လျှောက်လုံး သင်ယူသူများအတွက် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှု၊ စိတ်နေသဘောထားနှင့် တန်ဖိုးထားမှုများကို ဖြည့်ဆည်းပေးမည့် စနစ်တကျ စီစဉ်ဆောင်ရွက်ထားသော ပညာရေး ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့် အထက် ၃ ဒသမ ၅ သန်းခန့်မှာ သက်ကြီး စာမတတ်သူများဖြစ်ကြပြီး အသက် ၁၅ နှစ် အောက် သက်ငယ် စာမတတ်သူများမှာ ၂ ဒသမ ၇ သန်းခန့် ရှိနေကြပါသည်။ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနအနေဖြင့် ပညာသင်ယူခွင့် ဆုံးရှုံးနေကြသော ကျောင်းနေအရွယ်လွန် သက်ငယ်ကလေး လူငယ်များအတွက် ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်ကို နိုင်ငံအဝန်း တိုးချဲ့ဆောင်ရွက်၍ ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကိုလည်း စမ်းသပ်ဖော်ဆောင်ပြီး တိုးချဲ့ ဆောင်ရွက်လျက်ရှိနေပါသည်။ သက်ကြီးစာမတတ်သူများအတွက် အခြေခံစာတတ်မြောက် ရေးလုပ်ငန်းများကို သက်ဆိုင်ရာဒေသနေ စေတနာရှင် လုပ်အားပေးများ၏ အင်အားဖြင့်လည်းကောင်း၊ တက္ကသိုလ်၊ ကောလိပ်များ ကျောင်းပိတ်ချိန်နှင့် တိုက်ဆိုင်သော ကာလ များတွင် လုပ်အားပေး ကျောင်းသား ကျောင်းသူများ၏ အင်အားအကူအညီများရယူပြီး လူထုလှုပ်ရှားမှု အသွင်ဖြင့် တစ်နှစ်ပတ်လည်လုံး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

ဦးစီးဌာန စတင်ဖွဲ့စည်းခဲ့သော ၂၀၁၆ ခုနှစ်မှ ယခု ၂၀၁၉ ခုနှစ် မေလအထိ သက်ကြီး စာတတ်မြောက်မှုနှုန်း မြင့်မားလာရေး ဆောင်ရွက်ခဲ့မှု အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

01+

သက်ကြီးစာတတ်မြောက်မှု လုပ်ငန်းများအပြင် ကျောင်းပြင်ပ မူလတန်းပညာရေး (Non-Formal Primary Education- NFPE)ကို အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မြို့နယ်ပေါင်း ၄၇ မြို့နယ်ရှိ ကျောင်းသား ကျောင်းသူပေါင်း ၄၁၉၈ ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြို့နယ်ပေါင်း ၈၁ မြို့နယ်ရှိ ကျောင်းသား ကျောင်းသူပေါင်း ၇၇၉၂ ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မြို့နယ်ပေါင်း ၈၁ မြို့နယ်ရှိ ကျောင်းသား ကျောင်းသူပေါင်း ၇၈၉၆ ဦးရှိခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြို့နယ်ပေါင်း ၈၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူပေါင်း ၇၃၃၄ ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

ထို့အပြင် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education- NFME)  ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်၍ စမ်းသပ်ကာလအဖြစ် အကောင်အထည်ဖော်ခဲ့ရာ တက်ရောက်သင်ယူသူ ၂၀ဝ ထဲမှ ၁၇၆ ဦး အောင်မြင်ပြီး ၁၀၈ ဦးမှာ အခြေခံပညာ အထက်တန်း အဆင့်ကို ဆက်လက်တက်ရောက် ပညာသင်ကြားနေကြပြီး ၁၃ ဦးမှာ သက်မွေးပညာသင် ကျောင်းများတွင် ပညာဆက်လက် ဆည်းပူးနေကြပြီ ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု အချိန်ထိ အနည်းငယ် တိုးတက်လာသည်မှာ မှန်သော်လည်း လုပ်ငန်းများ လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါသည်။

က္ဘာတစ်ဝန်းတွင်လည်း ၁၇၅ သန်းသော ကလေးများသည် အခြေခံပညာ သင်ကြားခွင့် ဆုံးရှုံးနေကြဆဲ ဖြစ်သည်။ ဝင်ငွေနည်းပါးသော တိုင်းပြည်များတွင် အချိုးအားဖြင့် ကလေး ၅ ဦးတွင် ၁ ဦးမှာ ကျောင်းအပ်နှံနိုင်ခြင်း မရှိကြပါ။ ထိုကြောင့် ယူနက်စကိုအဖွဲ့ကြီးမှ ကြီးမှူး၍ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International Literacy Day) အခမ်းအနားများကို ၁၉၆၇ ခုနှစ်မှစတင်၍ နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့တွင် အစဉ်သဖြင့် ပြောင်းလဲနေသော ကမ္ဘာကြီးနှင့်အတူ လိုက်လျောညီထွေရှိသော Themes များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်းကျင်၊ လူ့အသိုင်းအဝိုင်းတွင် စာရေးတတ်၊ ဖတ်တတ်ရုံသာမက ပို၍ကျွမ်းကျင်သော တတ်မြောက်သူများ ဖြစ်လာစေရန် ရည်ရွယ်ပြီး စာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များ ပိုမိုမြှင့်တင်ဆောင်ရွက်လာစေရန်နှင့် စာတတ်မြောက်မှု ဆိုသည်မှာ လူသား တစ်ဦးချင်း၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာရှိမှု တစ်ရပ်ဖြစ်သည့်အတွက် စာတတ်မြောက်မှုအရေးကြီးပုံကို သတိပေးနှိုးဆော်မှု တစ်ရပ်လည်း ဖြစ်သလို ကမ္ဘာတစ်ဝန်းလုံး၏ စာတတ်မြောက်မှု ပြောင်းလဲတိုးတက်လာပုံများကို မီးမောင်းထိုးပြထား ခြင်းလည်း ဖြစ်ပါသည်။

က္ဘာ့နိုင်ငံများ၏ စာတတ်မြောက်မှုနှုန်းများ တိုးတက်လာသော်လည်း နေရာဒေသအသီးသီးတွင် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်ပြီး လုပ်ငန်းခွင်များအတွက်လည်း ကျွမ်းကျင်လုပ်သားများ၊ အရည်အချင်းရှိ စွမ်းရည်ပြည့်လုပ်သားများ လိုအပ်မှုများကလည်း လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်လျက် ရှိပါသည်။

ယခုနှစ် ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International Literacy Day) တွင် ပြင်သစ်နိုင်ငံရှိ ယူနက်စကို ရုံးချုပ်တွင် နိုင်ငံတကာ ဒေသခံတိုင်းရင်းသား ဘာသာစကားများနေ့ အထိမ်းအမှတ် ကျင်းပခြင်းနှင့် အထူးလိုအပ်ချက် ရှိသော ပညာရေးအတွက် (၂၅)ကြိမ်မြောက် ကမ္ဘာ့ညီလာခံ ကျင်းပခြင်းတို့ ဆောင်ရွက်ကြပြီး ပညာရေးအတွက် နိုင်ငံတကာ စည်းလုံးညီညွတ်မှုကို ဖော်ပြကြမည် ဖြစ်ပါသည်။

ထို့အပြင် ယနေ့က္ဘာ၏ တစ်ကမ္ဘာလုံးအနှံ့ ခေတ်မီ နည်းပညာသုံး ကမ္ဘာကြီးဖြစ်လာနိုင်ရေး အဓိကဆွေးနွေး ကြမည်ဖြစ်ပြီး ဘာသာစကားပေါင်းစုံ အကျုံးဝင်ပါဝင်သော အကြောင်းအရာများတွင် စာတတ်မြောက်ရေး ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်နိုင်ရန် ထိရောက်သော ပေါ်လစီများ၊ နည်းစနစ်များနှင့် လက်တွေ့ကျသော ကျင့်သုံးဆောင်ရွက်ခြင်းများဖြင့် ခေတ်မီနည်းပညာသုံး စာတတ်မြောက်မှုများ ဖြစ်လာစေရန် ဆောင်ရွက်ကြမည်ဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ နိုင်ငံအလိုက် သက်ဆိုင်ရာအစိုးရများ၊ ပြည်သူလူထုများကို လက်ရှိဆောင်ရွက်နေသော သက်ငယ်၊ သက်ကြီး စာတတ်မြောက်မှု အခြေအနေများနှင့် သင်ယူလေ့လာခြင်း အခြေအနေများကို သတိတရရှိစေရန်နှင့် တွေ့ကြုံနေရသော စိန်ခေါ်မှုများကိုလည်း အားလုံးဝိုင်းဝန်း ဆင်ခြင်စဉ်းစား သုံးသပ်နိုင်သော အချိန်အခါလည်း ဖြစ်ပါသည်။

ယူနက်စကိုအဖွဲ့ကြီး၏ “Literacy is the best remedy.”ဆောင်ပုဒ်အရ စာတတ်မြောက်မှုဟူသည် ပညာသင်ယူခွင့်၊ သင်ကြားခွင့် အားလုံး၏ အကောင်းဆုံးသော အခြေခံကုစားနိုင်မှု အချက်ဖြစ်နေသည်ကိုလည်း တွေ့ရမည် ဖြစ်ပါသည်။ တစ်ကမ္ဘာလုံး စာတတ်မြောက်မှုနှုန်း မြှင့်တင်လာအောင် လုပ်ခြင်းသည် အဓိက အခြေခံကျသောအချက် ဖြစ်ပြီး ကမ္ဘာအနှံ့ မညီမျှမှုများ ဆင်းရဲမွဲတေမှုများကို အမြစ်ဖြတ် ချေမှုန်းနိုင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Substainable Development Goals -SDGs) ကို ရောက်ရှိအောင် တစ်ကမ္ဘာလုံး ကြိုးစားအားထုတ်ရမည် ဖြစ်ပါသည်။ ပညာရေးနှင့် သက်ဆိုင်သော (Substainable Development Goal4- SDG4)တွင် ကလေးသူငယ်များအားလုံး အခြေခံစာရေးနိုင်၊ ဖတ်နိုင်ရန်နှင့် သင်ကြားခွင့်ရရန် လုပ်ဆောင်ပေးရမည်ဖြစ်၍ အရွယ်ရောက်ပြီးသူများတွင် ငယ်စဉ်ဘဝက အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသူများအတွက် ဆည်းပူးလေ့ကျင့်သင်ယူနိုင်ခွင့် အခွင့်အရေး ရရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

ယခုနှစ် ဆောင်ပုဒ်မှာ “Literacy and Multilingua-lism”သည် “စာတတ်မြောက်ရေး ဖွံ့ဖြိုးဖို့ တိုင်းရင်းသား ဘာသာစာပေ မြှင့်တင်စို့” ဟု မြန်မာမှုပြုထားပါသည်။ မိခင်တိုင်းရင်းသား ဘာသာစကားများ အသုံးပြု၍ အခြေခံစာတတ် မြောက်မှုမှသည် ကျွမ်းကျင်ပိုင်နိုင်လာအောင် သင်ယူခြင်းသည် ယနေ့ခေတ် ပညာရေး၏ အဓိကအရေးကြီးသော အချက် ဖြစ်လာနေပါသည်။ အထူးသဖြင့် သင်ယူမှုအခွင့်အလမ်း နည်းပါးသော မသန်စွမ်းသူများ၊ ဝေးလံခေါင်ပါးသော အရပ်ဒေသများမှ တိုင်းရင်းသား မျိုးနွယ်စုများ၊ သဘာဝဘေး အန္တရာယ်များနှင့် မငြိမ်းချမ်းမှုများကြောင့် သင်ကြား၊ သင်ယူခွင့် ဆုံးရှုံးနေသူများ၊ နယ်စပ်ဒေသများမှ ရွှေ့ပြောင်းမိသားစုများအားလုံးအတွက် အကျုံးဝင်အောင် ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါသည်။ တိုင်းရင်းသား ဘာသာစာပေ သင်ကြားမှုများ မြှင့်တင်ဆောင်ရွက်ပေးခြင်းသည် အရည်အသွေး ပြည့်ပညာရေး၏ သင်ကြား၊ သင်ယူမှုရလဒ်များ တိုးတက်လာစေသော နည်းလမ်းတစ်ရပ်လည်းဖြစ်ပြီး အမျိုးမျိုး ကွဲပြားနေသော ယဉ်ကျေးမှုဓလေ့ ထုံးစံများ၏ အပြန်အလှန် ဆက်နွှယ်နေမှုများကိုလည်း သိရှိနားလည်လာစေပါသည်။ မိမိနိုင်ငံတွင် မတူကွဲပြားသော တိုင်းရင်းသားမျိုးနွယ်စုများ အတူတကွ ယှဉ်တွဲနေထိုင်ရင်း သင်ယူလေ့လာခြင်းများကိုလည်း အတူတကွ လုပ်ဆောင်နိုင်မှုကို ပိုမိုသဘောပေါက်သိရှိလာ စေပါသည်။

ထို့ကြောင့် နိုင်ငံတွင်းရှိ ကျောင်းပြင်ပရောက် ကလေး၊ လူငယ်၊ လူလတ်နှင့် လူကြီးများအတွက် အခြေခံစာတတ်မြောက် ပြီးကြလျှင် ၎င်းတို့၏ လက်တွေ့ဘဝနှင့်ကိုက်ညီသော ကျွမ်းကျင် မှု အတတ်ပညာတစ်မျိုးမျိုးကို ရွေးချယ်လေ့လာနိုင်သည့် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးကြရမည် ဖြစ်ပါသည်။ ၎င်းတို့၏ ဘဝရပ်တည်ရေးနှင့် လူမှုဘဝများ မြင့်မားလာစေရေး အတွက် လိုအပ်သော ပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် သင်ယူနိုင်စေရန်နှင့် ဘဝတစ်သက်တာ ပညာရေး အခွင့်အလမ်းများ (Lifelong Learning) ပိုမိုရရှိလာစေရန် ထိရောက်သော လက်တွေ့ကျင့်သုံး ဆောင်ရွက်မှုများဖြင့် ဝိုင်းဝန်းပံ့ပိုးပေးကြရမည် ဖြစ်ပါကြောင်း......။