နေပြည်တော် ၂၇ မေ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စင်ကာပူသမ္မတနိုင်ငံ Infrastructure Asia (Infra Asia) တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Virtual Signing ဖြင့် လက်မှတ် ရေးထိုးကြသည်။
ရှေးဦးစွာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် စင်ကာပူ သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ ပညာရေးနှင့် ဘဏ္ဍာရေး ဒုတိယမြောက်ဝန်ကြီး Ms. Indranee Rajah တို့က အမှာစကားများ ပြောကြားသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်နှင့် စင်ကာပူသမ္မတနိုင်ငံ Infrastructure Asia (Infra Asia) ကိုယ်စား Executive Director Mr. Seth Tan တို့က မြန်မာနိုင်ငံတွင် အခြေခံ အဆောက် အအုံဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှု တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ သဘောတူ စာချုပ်ကို နှစ်နိုင်ငံဝန်ကြီးများရှေ့မှောက်တွင် Virtual Signing ဖြင့် လက်မှတ် ရေးထိုးကြသည်။
အဆိုပါသဘောတူစာချုပ်အရ စီမံကိန်းဘဏ် (Project Bank) အတွင်းရှိ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများကို ဈေးကွက်ဖွင့်မြှင့်တင်ရန်နှင့် ပုံဖော်ဆောင်ရွက် ရေးအတွက် အတွေ့အကြုံကောင်းများ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာဗဟုသုတများ ဖလှယ်ခြင်း၊ စီမံကိန်းကြိုတင် ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများအတွက် ရင်းနှီးမြှုပ်နှံသူများ၊ ငွေကြေးထည့်ဝင်လိုသူများ၊ ကျွမ်းကျင်ဝန်ဆောင်မှုများ သို့မဟုတ် နည်းပညာပိုင်း ပံ့ပိုးပေးနိုင်သူ များနှင့် ရှာဖွေချိတ်ဆက် ပေးခြင်းနှင့် နိုင်ငံတကာအဆင့်မီတင်ဒါခေါ်ယူခြင်းတို့တွင် ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်ကြမည် ဖြစ်သည်။
အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများဖြစ်ကြသော ဉီးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စင်ကာပူသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးနှင့် Infrastructure Asia မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်


