မိုးညို ၃၁  ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် မြောက်တောင်ယာတောကျေးရွာနေ ပြည်သူများအတွက် အခြေခံအပ်ချုပ် စက်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်း သင်တန်းအမှတ်စဉ်(၂/၂၀၁၈)ကို ဖွင့်လှစ်ပို့ချခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် အဆိုပါကျေးရွာ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးက သင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

 

အခြေခံအပ်ချုပ်စက်သင်တန်း သင်တန်းအမှတ်စဉ်(၂/၂၀၁၈)ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၉ ခု၊ ဇန်နဝါရီ ၃၀ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း၊ သင်တန်းသူ ၂၅ ဦးတက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ငါန်းဇွန်)